ခိုင်လူလှ( ရိုးမမြေ)
နိရဥ္စရာ၊ အောက်တိုဘာ ၂၁/၂၀၁၉
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ခလောင်းရွာဟောင်းအနီး၊ နရန်းလမ်းဆုံတွင် မိုင်းပေါက်ကွဲမှု ဖြစ်ပွားပြီး ပစ်ခတ်မှု ဖြစ်ပွားရာ ခလောင်းရွာဟောင်းမှ သားမိနှစ်ဦး ဒဏ်ရာရရှိပြီး လက်ရှိ မင်းပြားဆေးရုံသို့ ရောက်ရှိနေသည်ဟု သတင်းရရှိသည်။
ဒဏ်ရာ၇သူမှာ မခင်ဝင်းနွယ် (၂၀) နှစ်နှင့်သူမ၏ သုံးနှစ်အရွယ်သမီးငယ် မခင်ဦးနွယ်တို့ဖြစ်ကြောင်း မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က ပြောသည်။
“ ဖြစ်တာက ခလောင်းရွာသစ်၊ ရွာဟောင်းဆိုတာရှိပါတယ်။ အဲဒီရွာတွေအနီး နရန်း ကားလမ်းဆုံ ကားဂိတ်သစ်အနီးမှာ စစ်ကားတွေလာတုန်း မိုင်းနှစ်လုံးကွဲတယ်လို့ သိရပါတယ်။ စစ်တပ်က လက်နက်ကြီး တစ်လုံးပစ်တယ်လို့ ဆိုပါတယ်။ အဲဒီကျည်က ခလောင်းရွာဟောင်းထဲကို ကျတယ်လို့ ရွာသားတွေက ပြောပါတယ်။ အဲဒီမှာ ထမင်းချက်နေတဲ့ မခင်ဝင်းနွယ်တို့သားအမိကို ကျည်စတွေ သွားထိတယ်လို့ သိရပါတယ်” ဟု ဦးလှသိန်းအောင်က ပြောသည်။
ကျည်စမှာ မခင်ဝင်းနွယ်၏ နောက်ကျောကို ရှပ်ထိမှန်ခြင်းဖြစ်ပြီး သမီးဖြစ်တွင် တံတောင်အောက် လက်ဖျံအောက်တွင် အနည်းငယ် ဒဏ်ရာရရှိခဲ့သည်ဟု မင်းပြားဒေသခံ ဦးသိန်းဇံက ပြောကြားသည်။
“ လက်နက်ကြီးကွဲပြီး ကျည်စ လာမှန်တာပါ။ မိခင်ဖြစ်တဲ့ မခင်ဝင်းနွယ်မှာ နောက်ကျောကို ကျည်စ လာထိမှန်တဲ့ အတွက် အခု မင်းပြားဆေးရုံမှာဓာတ်မှန်ရိုက်ဖို့ လုပ်နေပါတယ်။ သမီးဖြစ်သူမှာတော့ လက်မှာ လက်မကွင်းလောက် ကျည်စ ထိမှန်သွားပါတယ်” ဟု ပြောကြားသည်။
ယခုလက်ရှိတွင် မင်းပြားဆေးရုံတွင် စစ်ဆေးနေတုန်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။