သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

နေရပ်စွန့်ခွာသူ ၂၉ ဦး တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေး စခန်းကို ဝင်ရောက်လာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ အောက်တိုဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 8.3k

ချစ်အိလှိုင်

နိရဥ္စရာ ၊ အောက်တိုဘာ ၂၂ /၂ဝ၁၉

ရခိုင်ပြည်နယ်၊မောင်တောမြို့နယ်၊ တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေးစခန်းသို့ ယနေ့နံနက် ၈ နာရီခန့်က နေရပ်စွန့်ခွာသူ ၂၉ ဦး ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်က ပြန်လည်ဝင်ရောက်လာကြောင်း သတင်း ရရှိသည်။

ဝင်ရောက်လာသူများမှာ အိမ်ထောင်စု ၆ စု၊ လူဦးရေ ၂၉ ဦးဖြစ်ပြီး မည်သည့်ကျေးရွာတွင် နေထိုင်ခဲ့သူများ ဆိုသည်ကို စိစစ်ဆဲဖြစ်ကြောင်း မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူးဦးငွေထွန်း မှသိရသည်။

“သူတို့ ဒီမနက်ကရောက်ပါတယ်။ဘယ်ရွာကလူတွေလည်းဆိုတာ စိစစ်ဆဲပါ။ ဝင်တာကတော့ ဝင်နေတာပါဘဲ။ နည်းနည်းချင်းစီ ဝင်နေတာဘဲ။ အကုန်လုံးကို စာရင်းပြုစုထားပါတယ်” ဟု မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးငွေထွန်းက နိရဥ္စရာ သတင်းဌာနကို ပြောသည်။

အဆိုပါကိစ္စနှင့်ပက်သက်၍ မောင်တောမြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်အုန်းကလည်း ယနေ့ ဝင်ရောက်လာသူများမှာ နှစ်နိုင်ငံ ပြန်လည် လက်ခံရေး အစီအစဉ်အရ ဝင်ရောက်လာခြင်းမဟုတ်ဘဲ ၄င်းတို့၏ ဆန္ဒအလျောက် လာရောက်ခြင်းသာဖြစ်ကြောင်း ပြောကြားသည်။

“ဟုတ်တယ်။ လူဦးရေ ၂၉ ဦးပါ။ သူတို့ကို တရားဝင်လာရောက်တယ်လို့ပြောလို့မရဘူး။ ဒီလိုဝင်ချင်တဲ့အချိန် ဝင်လာကြတယ်။ နှစ်နိုင်ငံ ချစ်ကြည်ရေးနဲ့မဆိုင်တော့ဘူး။ ဟိုဘက်က လူစာရင်းကလျော့သွားတာ မရှိဘဲ သူတို့အဲလို အလျှိုလျှို ဝင်ကြတယ်။ ပြန်ထွက်ပြေးကြတယ်။ အရင်ကလည်း စက်လှေနဲ့ ၂ဝဝကျော် ဝင်လာ တယ်။ နောက်ပြီး တစ်ရာကျော် ပြန်ထွက်ပြေးတယ်” ဟု ပြောသည်။

ဘင်္ဂလားဒေ့ရှ်ကို ရောက်ရှိနေသည့် နေရပ်စွန့်ခွာသူ ၃၄၅ဝ  ကျော်ကို ၂ဝ၁၉ ၊ သြဂုတ်လ ၂၂ ရက်နေ့တွင် မြန်မာဘက်သို့လွှဲပြောင်းမည်ဆိုသည့် အတွက် မြန်မာနိုင်ငံ အစိုးရမှ မောင်တောမြို့နယ် တောင်ပြိုလက်ဝဲ လက်ခံရေးစခန်းကနေ စောင့်ဆိုင်းခဲ့ကြသော်လည်း ထိုနေ့က ပြန်လည် ဝင်ရောက်လာသူ တစ်ယောက်မှ မရှိခဲ့ကြောင်းသိရသည်။

ရခိုင်ပြည်နယ် မောင်တောဒေသတွင် ၂ဝ၁၇ ခုနစ်က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခများကြောင့် လူဦးရေ ၇ သိန်းနီးပါး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးခဲ့ကြောင်း ကုလသမဂ္ဂမှ ထုတ်ပြန်ခဲ့သည်။

ဆက်စပ် သတင်းများ