ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ဗုံးပေါက်ကွဲပြီးနောက် လက်ခုပ်ရွာမှ ရွှေနှင့်ဖုန်းများယူဆောင်ခံရပြီး ရွာသား ၃ဝ ကျော်ကို လမ်းပြအဖြစ် ခေါ်ယူသွားဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ အောက်တိုဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 6.2k

ခိုင်လူလှ (ရိုးမမြေ)

နိရဥ္စရာ၊ အောက်တိုဘာ ၂၃/၂ဝ၁၉

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်၊ စိတ္တရကျေးရွာနှင့် လက်ခုပ်ကျေးရွာအကြား တံတားတွင် ယနေ့ နံနက် ၈ နာရီက စစ်ကြောင်းဖြတ်စဉ် မိုင်းတစ်လုံး ပေါက်ကွဲပြီးနောက် စစ်သားများ လက်ခုပ်ရွာထဲဝင်လာပြီးနောက် အိမ်တစ်ချို့မှ ရွှေနှင့်ဖုန်းများကို ယူဆောင်သွားခဲ့ပြီး ရွာက ထွက်သွားစဉ် ရွာသား ၃ဝကျော်ကိုလည်း လမ်းပြ အဖြစ် ခေါ်ဆောင်သွားသည်ဟု ရွာသားများက ပြောကြားသည်။

“ ဒီစစ်ကြောင်းက မင်းပုန်းတောင်ဘက်က ဆင်းလာတဲ့ စစ်ကြောင်းပါ။ မင်းပုန်းတောင်မှာ မနေ့က ညနေမှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ဒီစစ်ကြောင်းက ဒီကနေ့ နံနက် ၈ နာရီက ကျွန်တော်တို့ ရွာနားက ဖြတ်တော့ စိတ္တရကျေးရွာနဲ့ ကျွန်တော်တို့ လက်ခုပ်ကျေးရွာအကြား တံတား အရောက်မှာ မိုင်းတစ်လုံးပေါက်သံကြားပါတယ်။ လက်နက်ငယ် ပစ်ခတ်သံလည်း အချက် နှစ်ဆယ်လောက် ကြားရပါတယ်။ အဲဒီနောက် ကျွန်တော်တို့ရွာထဲကို ဝင်လာပါတယ်။ လူတွေကို စုခိုင်းပြီး ရွာထဲမှာ ထိုင်ခိုင်းထားပြီး စစ်ဆေးပါတယ်။ ရွာကနေ နေ့လယ် ၁၂ နာရီကျော်လောက်မှာ ပြန်ထွက်တော့ ရွာသား ၃ဝ ကျော်လောက်ကို ခေါ်သွားပါတယ်။ လမ်းပြခေါ်တာလား၊ ဘာကြောင့် ခေါ်တာလဲ။ အဲဒါတော့ ကျွန်တော်တို့ မသိပါ။ သူတို့ရွာထဲကို ဝင်လာချိန် ထွက်ပြေးတဲ့သူတွေမှအပ အသက် ၄ဝ အောက် ကျေးရွာသား ၃ဝ ကျော်လောက်ကို ခေါ်ဆောင်သွားပါတယ်” ဟု ပြောကြားသည်။

၎င်းစစ်ကြောင်းမှာ မင်းပြားမြို့ဘက်သို့ ထွက်ခွာသွားသည်ဟု ကြားသိရကြောင်း ၎င်းက ပြောသည်။

စစ်တပ်ရွာထဲသို့ ဝင်လာပြီးနောက် လက်ခုပ်ကျေးရွာ အနောက်ဘက်တွင် နေထိုင်သည့် ဒေါ်လှအေးကြည် (၃၅) နှစ် အိမ်မှ ရွှေပုတီး (ဆွဲကြိုး) နှစ်ပင်၊ ရွှေလက်စွပ်သုံးကွင်း၊ ပိုက်ဆံ ၄ဝဝဝဝ ကျပ်ကို ယူဆောင်သွားသည်ဟု ဆိုသည်။

ဒေါ်လှအေးကြည်က “ သူတို့ ဝင်လာတာနဲ့ အကုန်လုံး အိမ်ပေါ်ကနေ ဆင်း၊ ဆင်းဆိုပြီးတော့ တစ်ခုလည်း ယူဖို့ မရခဲ့ဘူး။ အိမ်ပေါ်မှာ အိပ်ရာဘေး အထုပ်နဲ့ထည့်ထားပြီး စောင်နဲ့ ဖိထားပါတယ်။ ဆင်း ဆင်းဆိုတော့ ယူဖို့ မရခဲ့ပါဘူး။  ရွှေပုတီး (ဆွဲကြိုး) နှစ်ပင်၊ လက်စွပ်သုံးကွင်းနဲ့ ပိုက်ဆံ လေးသောင်းပါသွားပါတယ်။ ရွှေက ၂ ကျပ်ရှိပါတယ်” ဟု ပြောကြားသည်။

ဒေါ် ဖြူမချေ (၅ဝ) နှစ်က “ ကျွန်မမှာ ဖုန်း တစ်လုံးပါသွားပါတယ်။ အထုပ်ထဲမှာ ထည့်ထားပါတယ်။ သူတို့က လူတွေကို လိုက်ချပါတယ်။ လူဆင်းတာနဲ့ သူတို့က အိမ်ပေါ်ကို တက်ပြီး ရှာပါတယ်။ အဲသလို တက်ရှာပြီး ယူသွားတာပါ” ဟု ပြောကြားသည်။

ဒေါ်လှမေသိန်းက “ ကျွန်မ နာမည်လှမေသိန်းလို့ ခေါ်ပါတယ်။ ဖုန်းသုံးလုံး ပါသွားပါတယ်။ သေတ္တာပေါ်မှာ တင်ပြီး ကျန်နေခဲ့တာပါ”ဟု ပြောကြားသည်။

မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်သို့ ဆက်သွယ်ရာ ထိုသို့ရွှေနှင့် ဖုန်းများကို ယူဆောင်သွားခြင်းကို ရွာသားများ တိုင်ကြားထားသဖြင့် သိရှိပြီး ဖြစ်သည်ဟု ပြောကြားသည်။

“ ကျွန်တော်ကတော့ အခုချက်ချင်းဘဲ နယ်လုံဝန်ကြီးဆီကို အကြောင်းကြားထားပါတယ်။ ရွှေနဲ့ ဖုန်းတွေကို စစ်ကြောင်းက စစ်သားတစ်ချို့က ယူဆောင်သွားတယ်လို့ ဖုန်းဆက်ပြီး အကြောင်းကြားလိုက်ပါတယ်။ ရွာသား ၃ဝ ကျော်လောက်ကို ခေါ်သွားတယ်လို့လည်း သိရတဲ့ အတွက် ဒီကိစ္စပါ ပြောကြားထားပါတယ်” ဟု ယနေ့ မွန်းလွဲ ၂ နာရီက ဆက်သွယ်စဉ် ဦးလှသိန်းအောင်က နိရဥ္စရာသတင်းဌာနသို့ ပြောကြားသည်။

အနောက်ပိုင်းတိုင်း စစ်ဌာချုပ် ပြောရေးဆိုခွင့်ရှိသူ စစ်ဦးစီး ပထမတန်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးသို့ ဆက်သွယ်ရာ ၎င်းစိတ္တရ၊ လက်ခုပ်ဘက်တွင် စစ်ကြောင်းများ မရှိကြောင်း၊ တပ်မတော်ကို တမင် သိက္ခာချချင်၍ ပူးပေါင်း ကြံစည် ပြောဆိုကြပုံရကြောင်း ပြောကြားသည်။

ဆက်စပ် သတင်းများ