ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ကျောက်တော်ကန်စောက် အမြောက်တပ်ရင်းကို AAက လက်နက်ကြီးဖြင့် ပစ်ခတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ အောက်တိုဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 8.5k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ အောက်တိုဘာ ၂၃/၂ဝ၁၉

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ကန်စောက်အခြေစိုက် အမြောက်တပ်ရင်းကို ရက္ခိုင့်တပ်တော် (AA) က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု နှစ်ဖက်တပ် တာဝန်ရှိသူများက အတည်ပြု ပြောကြားသည်။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ စစ်ဦးစီး ပထမတန်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးက “ ဒီကနေ့မနက်က အေအေကနေ ကျွန်တော်တို့ ကန်စောက် အမြောက်တပ်ရင်းကို ၆ဝ မီလီမီတာ စိန်ပြောင်းတွေနဲ့ လှမ်းပစ်တာ ရှိတယ်။ ကျွန်တော်တို့ကို ဒီလို နားရွက်တံတွေးဆွတ်လို့ ဘယ်ရမလဲ။ ဒီထက်သာတဲ့ သူတို့ ထက်ကြီးတဲ့ လက်နက်ကြီးတွေနဲ့ ပစ်ချလိုက်တော့ ဒီကောင်တွေ မခံနိုင်ဘဲ နောက်ဆုတ်ထွက်ပြေးသွားတယ်။ ဒါတောင် အစမ်းဘဲ ရှိသေးတယ်” ဟု ပြောကြားသည်။

AA ပြောခွင့်ရသူ ခိုင်သုခမှ သူတို့မှ ထိုးစစ်မဆင်ကြောင်း၊ ကိုယ့်ကိုကိုယ် ခုခံကာကွယ်သည့် အနေဖြင့် တိုက်ခိုက်နေခြင်းသာ ဖြစ်သည်ဟု ပြောဆိုကြောင်း၊ သို့ဆိုလျှင် မည့်သည့်အတွက်ကြောင့် ယနေ နံနက် ၅ နာရီခန့်က ကန်စောက်ရှိ တပ်ရင်း တစ်ခုကို အဝေးကနေ အမြောက်ဖြင့် လာပစ်သလဲဆိုသည်ကို မေးခွန်းထုတ်လိုကြောင်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောကြားသည်။

ရက္ခိုင့်တပ်တော်( AA) ပြောခွင့်ရသူ ခိုင်သုခအား ဆက်သွယ်မေးမြန်းရာ ယနေ့နံနက် ကန်စောက် အမြောက်တပ်ရင်းကို ၁ဝ၇ မီလီမီတာ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခဲ့ခြင်းမှာ ဟုတ်မှန်ကြောင်း ပြောကြားသည်။

“ ဒီကန်စောက်တပ်ရင်းကနေ လက်နက်ကြီးတွေနဲ့ နေရာအနှံ့အပြားကို နေ့စဉ် နေ့တိုင်း အရပ်သား ပစ်မှတ်တွေကို လှမ်းပစ်နေတာတွေရှိတယ်။ ရမ်းသမ်း ပစ်ခတ်မှုတွေ ပြုလုပ်နေတယ်။ လူထုတွေကို ခြိမ်းခြောက်တဲ့ အနေနဲ့ လှမ်းပစ်နေတာတွေရှိတယ်။ ဒီအတွက် ကျွန်တော်တို့က ဒီကနေ့ နံနက် မိုးလင်းအာရုဏ်က ကန်စောက်အခြေစိုက် အမတ ၃၇၇ တပ်ရင်းကို ၁ဝ၇ မီလီမီတာ ဒုံးတွေနဲ့ သတိပေး ပစ်ခတ်မှုတွေ ပြုလုပ်တာ ရှိပါတယ်” ဟု ပြောကြားသည်။

ထိုသို့ ပစ်ခတ်ပြီးနောက် အမြောက်တပ်ရင်းမှလည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်ခဲ့သဖြင့် ၎င်းနယ်မြေ အနီးတစ်ဝှိုက်တွင် သေနတ်သံများ ဆူညံသွားခဲ့သည်ဟု ဒေသခံများက ပြောကြားသည်။

အဆိုပါ ပစ်ခတ်မှုနှင့် ပတ်သက်ပြီး အထိအခိုက် ရှိ /မရှိကို မသိရသေးပါ။

လက်နက်ကြီးကျည်ကျ၍ ကျောက်တော်မြို့နယ် အပေါက်အဝ ကျေးရွာမှ မြေးအဖိုးနှစ်ဦးဖြစ်ကြသည့် ဦးကျော်စိန် (၇ဝ နှစ်ခန့်)နှင့် မောင်အောင်နိုင်ချေ (၁၁ နှစ်)တို့တွင် ဒဏ်ရာ ရရှိသွားပြီး အပေါက်ဝ တိုက်နယ်ဆေးရုံတွင် ဆေးကုသမှု ခံယူနေရသည်ဟု ပြောကြားသည်။

ဆက်စပ် သတင်းများ