- Web Master
- ၂၃ မတ် ၂၀၂၄
ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ အောက်တိုဘာ ၂၄/ ၂ဝ၁၉
ရခိုင်ပြည်နယ်အနောက်ဘက်နယ်စပ် မောင်တောနှင့် ဘူးသီးတောင် ကားလမ်းပေါ်တွင် ယနေ့ ညနေက အချုပ်ကားယာဉ်တန်း မိုင်းခွဲ တိုက်ခိုက်ခံရပြီး ရဲတပ်ဖွဲ့ဝင် နှစ်ဦးကျဆုံးကာ ၉ ဦး ဒဏ်ရာရရှိကြောင်း သတင်း ရရှိသည်။
၎င်းအချုပ်ကားယာဉ်တန်းသည် မောင်တောခရိုင်တရားရုံးတွင် အချုပ်သားများကို ရုံးတင်ပြီး ပြန်အလာတွင် ဘူးသီးတောင်မြို့သို့ မရောက်မီ ၅ မိုင်ခန့်အကွာတွင် မိုင်းပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောသည်။
“ မိုင်းပေါက်တာတော့ မှန်တယ်။ ဘူးသီးတောင်ထောင်ထဲကနေ အချုပ်သားတွေကို မောင်တောခရိုင် တရားရုံးတင်ပြီး ဘူးသီးတောင်ကို ပြန်အလာမှာ မိုင်းပေါက်တယ်လို့ သိရတယ်။ ၂ လုံးကွဲတယ်လို့ ပြောတယ်။ ကျန်တာတွေတော့ နယ်ခြားစောင့်ကို မေးပါ။ သူတို့နဲ့ ဆိုင်တဲ့ ကိစ္စမို့ပါ” ဟု ပြောဆိုသည်။
၎င်းမိုင်းပေါက်ကွဲမှုကြောင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် တပ်သားနှစ်ဦးဖြစ်ကြသည့် ထွန်းအောင်ကျော်နှင့် ဟိန်းဇော်တို့ကျဆုံးပြီး နောက်ထပ် ၉ ဦး ဒဏ်ရာရရှိသွားကာ ၎င်းတို့ကို လက်ရှိ ဘူးသီးတောင် စစ်ဆေးရုံတွင် ကုသနေကြောင်း အမည်မဖော်လိုသူ ရဲတပ်ဖွဲ့နှင့် နီးစပ်သူ တစ်ဦးက ပြောကြားသည်။
အထိအခိုက် အကျဆုံး အပါအဝင် မည်သူ၏ လက်ချက်ဖြစ်သည်ကို သိရှိလို၍ ရခိုင်ပြည်နယ် ရဲမှူးကြီး ကြည်လင်းကို ဆက်သွယ် မေးမြန်းရာ မိုင်းခွဲတိုက်ခိုက်ခံရခြင်းကို အတည်ပြုသော်လည်း အသေးစိတ် အချက်အလက်များကို နယ်ခြားစောင့်တပ်ဖွဲ့ကို မေးပါဟု ပြောကြားသည်။
“ မိုင်းပေါက်တာတော့ ကြားတယ်ဗျာ။ အသေစိတ် အချက်အလက်တော့ မရသေးဘူး ခင်ဗျား။ ဒါက နယ်ခြားစောင့်ရဲက တိုက်ရိုက်ကိုင်တွယ်တဲ့ အပိုင်းဆိုတော့လေ။ သူတို့ပဲ သိမှာပါ” ဟု ပြောကြားသည်။
ယခုမိုင်းကွဲခဲ့သောနေရာမှာ ဘူးသီးတောင်-မောင်တောကားလမ်း တပ်ရင်း ခလရ ၂၆၃ နဲ့ ၂၃၃ တို့အကြား သစ်တောရွာ ရေကာတာအနီးတွင် ပေါက်ကွဲသည်ဟု သတင်းရရှိကြောင်း ဘူးသီးတောင်မြို့နယ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်ဇံက ပြောသည်။
“ အဲဒီမှာ ဘူးသီးတောင်-မောင်တောကားလမ်း၊ ဘူးသီးတောင်ကနေ မောင်တောကိုသွားရင် အဲဒီမှာ ခလရ ၂၆၃ နဲ့ ၂၃၃ တို့ရှိတယ်။ အဲဒီက ရှေ့ကို သွားရင် အဲဒီမှာ သစ်တောရွာဆိုတာရှိတယ်။ အဲဒီသစ်တောရွာနဲ့ ခလရ ၂၆၃ နဲ့ ၂၃၃ တို့ အကြား အဲဒီနားမှာ ရေကာတာလေး တစ်ခုရှိတယ်။ အဲဒီမှာ ကွဲတယ်လို့ သိရတယ်။ ဘူးသီးတောင်ကနေ မောင်တောခရိုင်ရုံးထုတ်လို့ ပြန်လာတဲ့ အချုပ်ကားယာဉ်တန်းကို လုံခြုံရေး ယူလာတဲ့ ရဲကားကွဲတယ်လို့ ကြားရပါတယ်” ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်ဇံက ပြောသည်။
ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ်မှ မြို့ ၂ မြို့ဖြစ်ကြသည့် ဘူးသီးတောင်နှင့် မောင်တောတို့မှာ ၁၆ မိုင် သာဝေးပြီး ဘူးသီးတောင်ထောင်ထဲကနေ အချုပ်သားများကို အချုပ်ကားများနှင့် မောင်တောခရိုင်တရားရုံးကို ရုံးထုတ်နေကျဖြစ်ကြောင်း သိရသည်။ ယခု အချုပ်ကား ယဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံရခြင်းသည် ဘူးသီးတောင်တွင် ပထမဆုံး အကြိမ် ဖြစ်ကြောင်း သိရသည်။
----------------------------------
Unicode:
နိရဉ်စရာ၊ အောကျတိုဘာ ၂၄/ ၂ဝ၁၉