သိန်းဇော်(မောင်တော)
စစ်တွေ၊ အောက်တိုဘာ၂၅/ ၂၀၁၉
ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းမှ ကိုရင်ဝတ်နေသူ တစ်ဦးအား လူဝတ်လဲပြီး ရဲက ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု သတင်းရရှိသည်။
၎င်းကိုရင်မှာ မောင်တောမြို့၊ သုံးမိုင်ပရဟိတဘုန်းတော်ကြီးကျောင်းတွင် သီတင်းသုံးနေသည့် ရှင်ပညာ၊ လူနာမည် စိုးသန်း(၂၄)နှစ် ဖြစ်ကြောင်း ကျောင်းထိုင်ဆရာတော် ဦးစန္ဒာသီရီက နိရဥ္စရာ သတင်းဌာနသို့ မိန့်ကြားသည်။
၎င်းကိုရင် ရှင်ပညာသည် လူဘ၀ဖြင့် ရှိနေစဉ် လွန်ခဲ့သည့် သြဂုတ်လအတွင်းက မောင်တောမြို့နယ်တောင်ပိုင်း ရွှေရင်အေးကျေးရွာအနီးတွင် ငါးမျှားနေစဉ် မိုင်းပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့ပြီးနောက် ၎င်းမိုင်းပေါက်ကွဲမှုသံသယဖြင့် ရဲက ဖမ်းဆီးသွားခဲ့သည်။ နောက်ပိုင်းတွင် အပြစ်မရှိဟုဆိုကာ ပြန်လည်လွှတ်ပေးခဲ့သည်။ ၎င်းနောက် သုံးမိုင် ပရဟိတ ဘုန်းတော်ကြီးကျောင်းတွင် ကိုရင်ဝတ်ခဲ့သည်ဟု သိရသည်။
ထိုသို့ ရှင်ဘ၀ဖြင့် ရှိနေစဉ် အောက်တိုဘာ၂၅ ရက် ယနေ့တွင် ထပ်မံဖမ်းဆီးခေါ်ဆောင်ခံခြင်း ဖြစ်ကြောင်း ကျောင်းထိုင်ဆရာတော် ဦးစန္ဒာသီရီက နိရဥ္စရာ သတင်းဌာနသို့ မိန့်ကြားသည်။
“ ဆရာတော်က သူ့ကို ဖမ်းခေါ်တဲ့ အခါ ကျောင်းမှာ မရှိဘူး။ ဆရာသမားမရှိတဲ့အချိန် ကိုရင်တစ်ပါးကို လူဝတ် မလဲကောင်း၊ လူမထုတ်ကောင်းပါ။ အမှန်က သူက ဘာမှ အပြစ်မရှိပါ။ တစ်ခုလည်း မဟုတ်သူပါ။ တရားသူကြီး ကလည်း ပထမအကြိမ် ဖမ်းဆီးတုန်းက လွှတ်ငြိမ်း ချမ်းသာခွင့် ပေးထားပြီး ဖြစ်ပါတယ်။ တပ်ရင်းမှူးတို့ကလည်း မပြစ်မရှိဘူးလို့ ပြောတဲ့အတွက် လွှတ်လာတဲ့သူပါ။ လွှတ်လာပြီးတဲ့နောက် ဦးဇင်းကလည်း သူ့ကို ဘေးကင်း ရန်ကင်းအောင်ဆိုပြီး မိဘတွေရဲ့ သဘောတူညီချက်နဲ့ ကိုရင်ဝတ်ပေးထားတာဖြစ်ပါတယ်။ အခု ထပ်ဖမ်းပြီး ခေါ်သွားပါတယ်” ဟု ဆရာတော် ဦးစန္ဒာသီရီက ပြောသည်။
ယခုလို လုပ်ရပ်မျိုးသည် သာသနာကို စော်ကားခြင်း၊ သာသနာကိုထိပါးခြင်း၊ ထိုသို့ပြုမှုခြင်းသည် ဗုဒ္ဓဘာသာတွင် မလုပ်အပ် မလုပ်ကောင်းသည့် အလုပ်ဖြစ်ကြောင်း၊ ထိုသို့ပြုမှုခြင်းအပေါ် လွန်စွာစိတ်မကောင်းဖြစ်ရကြောင်း ဆရာတော်က မိန့်ကြားသည်။
ကိုရင် လူဘ၀ဖြင့် ရှိစဉ်က ဇနီးအဖြစ် ပေါင်းသင်းခဲ့သူ မဝါဝါဝင်းက “ ကျမလည်းမသိဘူး။ ကျမကလည်း ကျမလုပ်နဲ့ ကျမ မောင်တောမှာပါ။ မကျည်းချောင်း ရဲစခန်းက လာပြီး ဖမ်းသွားတာပါ။ ရဟန်း သိက္ခာချခဲ့လား။ မချခဲ့ဘူးလား ဆိုတာကို မသိရဘူး။ အရင်တုန်းက အာမခံနဲ့ လွှတ်ပေးထားတယ်။ အခုတရားပြန်စွဲမယ်ဆိုပြီးဖမ်းသွားတာပါ။ လူဝတ်လဲပြီးနောက် သင်္ကန်းတော့ ပေးထားခဲ့တယ်” ဟု ပြောသည်။
ယနေ့ မွန်းလွဲ ၂နာရီခန့်က မကျည်းချောင်းရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက သုံးမိုင်ပရဟိတ ဘုန်းတော်ကြီး ကျောင်းထိုင်ဆရာတော်ကြီး မရှိချိန်တွင် ကျောင်းသို့ လာရောက်ပြီး မောင်တောခရိုင်တရားရုံးသို့ ဖမ်းဆီး ခေါ်ဆောင် သွားကြောင်း၊ မောင်တောခရိုင်တရားရုံးမှတစ်ဆင့် ဘူးသီးတောင်သို့ ဆက်လက် ခေါ်ဆောင်သွားကြောင်း မဝါဝါဝင်းက ဆက်ပြောသည်။
ဖမ်းဆီးခေါ်ဆောင်ခံရသူမှာ ရွှေရင်အေးကျေးရွာဇာတိ ဖြစ်ပြီး ယခင် ဖမ်းဆီးခံ၇ပုံကိုလည်း မဝါဝါဝင်းက ယခုလို ပြောကြားသည်။
“ ဒီနှစ် ၈လပိုင်း ၁၁ ရက်နေ့ကရွှေရင်အေးကျေးရွာအနီး မိုင်းပေါက်တော့ ငါးမျှားနေရင်းနဲ့ ငါးမျှားတာကလည်း အဝေးကြီးပါ။ သူတို့ပြောတာကတော့ ကိုက်တစ်ရာ လောက်ဝေးတယ်တဲ့ ကိုက် တစ်ရာမကပါ။ ကိုက်နှစ်ရာ သုံးရာလောက်ရှိပါတယ်။ သူတို့က ကိုက်တစ်ရာဆိုပြီး ပြောပြီးတော့ခေါ်သွားတာပါ။ ပထမက စရဖက ခေါ်သွား ပါတယ်။ စရဖကတစ်ဆင့် ဘူးသီးတောင် ထောင်ချုပ်ကို ပို့လိုက်တာပါ။ တစ်ပတ်လောက် စစ်ဆေးပြီးရင် ပြန်လွှတ်မယ်ဆိုပြီးတော့ တစ်ပတ်မက၊ တစ်လကျော် ချုပ်ထားခဲ့တယ်။ ၉လပိုင်း ၁၉ ရက်နေ့မှာ မောင်တောခရိုင် တရားရုံးကို ခေါ်လာပါတယ်။ ခေါ်လာတော့ မောင်တောခရိုင်တရားသူကြီးက ချုပ်ရမန်လည်းမရှိတော့ဘူး။ မင်းကိုတော့ ငါကတော့လွှတ်တယ်အဲ့လိုမျိုးပြောပါတယ်။ အဲ့လိုပြောပြီးတော့ မကျည်းချောင်းကိုထပ် ခေါ်သွားပါတယ်။ မကျည်းချောင်းမှာ ထပ်ပြီးရှစ်ရက် ချုပ်ထားခဲ့ပါတယ် ” ဟု မဝါဝါဝင်းက ပြောသည်။
မကျည်းချောင်းရဲစခန်းတွင်ထပ်မံ ချုပ်ထားခဲ့ပြီး ၈ရက်မြောက်နေ့တွင် ပြန်လည်ရုံးထုတ်လာပြီး တရားသူကြီး မရှိသည့် အတွက် ရုံးထုတ်လာသည့် နေတွင် အာမခံဖြင့်လွှတ်မြောက်ခဲ့ပြီး သုံးမိုင်ပရဟိတ ဘုန်းတော်ကြီးကျောင်းတွင် ရှင်ဝတ်နေစဉ် အကြမ်းဖက်မှု တိုက်ဖျက်မှု ပုဒ်မ ၅၀ (ဈ)ဖြင့် တရားစွဲမည်ဟုဆိုကာ ယနေ့ ပြန်လည်ဖမ်းဆီးသွားခြင်း ဖြစ်သည်ဟု ဖမ်းဆီးခံရသူ၏ ဇနီးက ပြောသည်။
အဆိုပါ ဖမ်းဆီးခံရမှုနှင့်ပတ်သက်ပြီး မကျည်းချောင်းရဲစခန်းသို့ ယနေ့ညနေ ၆နာရီ ၂၀ မိနစ် ခန့်က နိရဥ္စရာ သတင်းဌာနမှ ဆက်သွယ်ခဲ့ရာ ဆက်သွယ်မှုမရှိခဲ့ပါ။
-------------------------------------------
Unicode: