Preview

AA က ဖမ်းဆီးထားသည့် မီးသတ်တပ်ဖွဲ့ဝင်များအထဲမှ ၁၂ ဦးကို ပြန်လွှတ်ပေး

အောက်တိုဘာ ၂၈/ ၂၀၁၉ | ကြည့်ရှုသူ :9997
ရခိုင် သတင်း

မာန်ယုကျော် (ရွှေ၀မြေ)
စစ်တွေ၊ အောက်တိုဘာ ၂၈/ ၂၀၁၉

ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးထားသည့် မီးသတ်တပ်ဖွဲ့ဝင်များအနက် ၁၂ ဦးအား ယမန်နေ့ ညနေပိုင်းက လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။

ရက္ခိုင့်တပ်တော်(AA)က လွှတ်ပေးလိုက်သည့် သူတို့ ၁၂ ဦးကို အောက်တိုဘာလ ၂၇ ရက်နေ့၊ ညနေ ၅ နာရီခန့်တွင် မြောက်ဦးမြို့နယ် တိမ်ညိုကျေးရွာအနီးတွင် သွားရောက်ကာ လက်ခံယူဆောင်ခဲ့ရသည်ဟု ကိုယ်တိုင်ယူဆောင်ခဲ့သူ မြောက်ဦးမြို့နယ် ကန်စောက်ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးဦးစောနိုင် နိရဥ္စရာကို ပြောသည်။

"တရားဝင်လွှဲတာ။ တရားဝင်လွှဲတယ်ဆိုတာက ဘယ်လိုပြောမလဲ။ ဒီမှာ သက်ဆိုင်တဲ့သူတွေ၊ ရပ်မိရပ်ဖတွေရှေ့မှာ လွှဲပေးတာလေ"ဟု ဦးဦးစောနိုင်က ပြောသည်။

သူတို့ ၁၂ သည် လက်ရှိတွင် လုံခြုံသည့်နေရာ၌ ရှိနေပြီး သူတို့၏အမည်များနှင့် သူတို့အား မည်သို့ ဆက်လုပ်သွားမည်ဆိုသည်ကိုမူ ထုတ်ဖော်မပြောလိုဟု ဦးဦးစောနိုင်က ဆိုသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် မီးသတ်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစံရွှေထွန်းနှင့် မြောက်ဦးမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးထွန်းသာစိန်တို့ထံ  ယမန်နေ့ ည ၉ နာရီခွဲခန့်က ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။

ဆက်လက်ပြီး မြောက်ဦးခရိုင် မီးသတ်ဦးစီးမှူး ဦးဌေးလွင်အား ဆက်သွယ်မေးမြန်းရာ သူက "အဲဒါတော့ ကျနော်တို့လည်း မကြားသေးဘူးဗျ။ ကျနော်တို့ဆီကိုတော့ မဆက်သွယ်ဘူးဗျ။"ဟု တုံ့ပြန်ပြောကြားသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၁ ရက်နေ့က ရွှေပြည်သစ်ခရီးသည်တင်ကားနှင့်လိုက်ပါလာသည့် ပြင်ဦးလွင်မြို့နယ် ဇီးပင်ကြီးဗဟိုဝန်ထမ်းတက္ကသိုလ်မှ သင်တန်းဆင်းပြန်လာသော မီးသတ်တပ်ဖွဲ့ဝင် ၁၉ ဦး၊ လမ်းကြုံလိုက်လာသည့် အေးရှားဝေါ့လ်ကုမ္ပဏီဝန်ထမ်း ၈ ဦး၊ ကားစက်ပျက်၍ လိုက်လာသူများနှင့် ကားသမား သုံးဦးတို့ကို မြောက်ဦးမြို့နယ်တွင် ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးခေါ်သွားခြင်းဖြစ်သည်။

"မီးသတ်ဆိုတာ စစ်တပ်ရဲ့ အရံအင်အားတွေထဲက တစ်ခုဖြစ်တယ်။ စစ်ဆင်ရေးနယ်မြေထဲမှာ မသင်္ကာစရာ လှုပ်ရှားသွားလာမှုတွေတွေ့ရင်တော့ လုံခြုံရေးအရ ထိန်းသိမ်းစစ်ဆေးတာတွေတော့ရှိနိုင်ပါတယ်"ဟု ရက္ခိုင့်တပ်တော်(AA)၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုက နိရဥ္စရာသတင်းဌာနအား ပြောဆိုထားသည်။

ရခိုင်ပြည်နယ်မီးသတ်ဦးစီးဌာနကမူ မီးသတ်တပ်ဖွဲ့ဝင်များသည် တပ်မတော်စစ်ဆင်ရေးများတွင် ပူးပေါင်းပါဝင်မှုမရှိဟု ငြင်းဆိုထားသည်။

ယင်းနေ့က ဖမ်းဆီးရာတွင်ပါဝင်ခဲ့သူများအနက် ကားသမားသုံးဦးအား မကြာသေးခင်က လွှတ်ပေးခဲ့ပြီးနောက် ယနေ့တွင် မီးသတ်တပ်ဖွဲ့ဝင် ၁၂ ဦးအား ထပ်မံလွှတ်ပေးလိုက်ခြင်းလည်းဖြစ်သည်။

-------------------------

Unicode













#စစ်ဘေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.