Preview

သေနတ်ပစ်ခတ်မှုကြောင့် စည်တောင်ကျေးရွာသားများကြောက်လန့်ထွက်ပြေး

အောက်တိုဘာ ၂၈/ ၂၀၁၉ | ကြည့်ရှုသူ :2181
ရခိုင် သတင်း

သိန်းဇော်(မောင်တော)
စစ်တွေ၊ အောက်တိုဘာ ၂၈/၂၀၁၉

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ စည်တောင်ကျေးရွာသို့ ယနေ့ နံနက် ၈ နာရီခန့်က တပ်မတော်စစ်ကြောင်းတစ်ခုက သေနတ် ပစ်ခတ်ဝင်လာသည့်အတွက် ကျေးရွာသားများနှင့် ကယ်ဆယ်ရေးစခန်းမှ ဒုက္ခသည်များလည်း ကြောက်လန့် ထွက်ပြေးနေကြရကြောင်း သတင်းရရှိသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး အတည်ပြုနိုင်ရန် ဘူးသီးတောင်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေ အားနိရဥ္စရာ သတင်းဌာနမှ ယနေ့နံနက် ၁၁ နာရီခန့်က ဆက်သွယ်မေးမြန်းခဲ့ရာ ၄င်းကလည်း ထိုဖြစ်စဉ်မှာ ဟုတ်မှန်ကြောင်း အတည်ပြု ပြောကြားသည်။

“စစ်တပ်က ရွာကိုဝိုင်းပြီးတော့ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်နေကြတယ်လို့ ဖုန်းဆက်ပြီး  အကြောင်း ကြားလားပါတယ်။ ရွာထဲမှာ ပိတ်မိနေသူတွေလည်းရှိနေတယ်လို့ ပြောပါတယ်။ မွေးလူနာ မနေ့က ကလေးမွေးတဲ့ မိသားစု နဲ့ အဖွားအိုတချို့လည်း ကျန်ခဲ့တယ်။ သူတို့ကဖုန်းဆက် အကူအညီတောင်းလို့ ကျနော်က  ICRC အဖွဲ့ကို အကူအညီတော့ တောင်းထားပါတယ်”  ဟု ပြောသည်။

စည်တောင်ကျေးရွာမှ ဦးစံရွှေဆိုသူကလည်း ၄င်းမိသားစု ရွာထဲတွင် ကျန်ခဲ့ကြောင်း၊ တပ်မတော်စစ်ကြောင်းကလည်း ကျေးရွာအတွင်းသို့ ပစ်ခတ်မှုများ ပြုလုပ်နေသဖြင့် ၄င်းမိသားစုများကို ကူညီကယ်ထုတ်ပေးပါရန် တောင်းဆို လာသည်။

“ရွာထဲကို စစ်တပ်က ပစ်ပြီးဝင်လာတော့ ။ အကုန်ထွက်ပြေးကြတာ ရွာထဲမှာ ဘယ်သူမှ မရှိတော့ ဘူး။ ကျနော့်မိန်းမ မနေ့က ကလေးမွေးဖွားထားတာ။ ရွာထဲမှာ ကျနော့် အိမ်ရှင်မ ဦးမိုးဆန်း ၊ ကျနော့်အမေ ဒေါ်စောသန်းချေ၊ ကျနော် ယောက္ခမ ဒေါ်ဝင်းစံနု၊ ကျနော့် အဖွား ဒေါ်ငွေစောဖြူ ၄ယောက်ဘဲ ကျန်ခဲ့ပါတယ်။ ကျေးဇူးပြုပြီး ကူညီ ပေးကြပါလို့ ပြောချင်ပါတယ်” ဟု ဦးစံရွှေက ပြောသည်။

၎င်းစစ်ကြောင်းသည် ယမန်နေ့ ည ရနာရီခန့်တွင် နွားရုံတောင်ကျေးရွာဘက်မှနေပြီး ကွမ်းတောင်ကျေးရွာဘက်သို့ ရောက်ရှိနေကြပြီး ကွမ်းတောင်ဘက်မှလည်း ယမန့်နေ့က တစ်နေ့လုံးပစ်ခတ်မှုများ ပြုလုပ်နေကြောင်း၊ ယင်းနေ့ ညတွင် စပါးထား ကျေးရွာသို့ ဝင်ရောက်သွားပြီး  ယနေ့ နံနက်ပိုင်းက စပါးထားကျေးရွာဘက်မှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ပြီး စည်တောင်ကျေးရွာအတွင်းသို့ ဝင်ရောက်ပစ်ခတ်နေကြောင်း ကျေးရွာသားများက ပြောသည်။

ဆက်လက်ပြီးကျေးရွာသားတစ်ဦးက “သူတို့က မနေ့ကည ကွမ်းတောင်ကနေ စပါးထားကို ပစ်ပြီးဝင်သွားတယ်။ ဒီနေ့ မနက်ပိုင်းကကျတော့ ကျနော်တို့ရွာကို ပစ်ပြီးဝင်လာတာပါ။ ရွာနားမှာ မနေ့ကလည်း တိုက်ပွဲမဖြစ်ဘူး။ ဒီနေ့လည်း တိုက်ပွဲမဖြစ်ဘူး။ သူတို့ရွာထဲကို ဖြိုပြီးပစ်လာတာ။ ရွာသားတွေ ကြောက်လို့ ထွက်ပြေးကြတာ ရွာထဲမှာ ပိတ်မိနေခဲ့တဲ့ တချို့လည်းရှိတယ်” ဟု ပြောသည်။

တပ်မတော်စစ်ကြောင်းတစ်ခုက ကျေးရွာအတွင်းသို့ လက်ကြီး လက်ငယ်များဖြင့် ပစ်ခတ်ဝင်လာသည်ဟု ကျေးရွာသားများက ပြောဆိုသည့် အတွက် ဖြစ်စဉ်နှင့်ပတ်သက်ပြီး သိရှိနိုင်ရန် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ပထမတန်း စစ်ဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို နိရဥ္စရာ သတင်းဌာနမှ ယနေ့နံနက် ၁၁ နာရီ ၁၁ နာရီ ၁၅ မိနစ်က ဆက်သွယ်ခဲ့ရာ ဆက်သွယ်မှုမရရှိသေးပါ။

စည်တောင်ကျေးရွာသည် အိမ်ခြေ ၃၀၀ ရာနီးပါးခန့် ရှိသည့် ကျေးရွာကြီးတစ်ရွာဖြစ်ပြီး  တခြားကျေးရွာများမှ စစ်ဘေးရှောင်များ လာရောက်ခိုလှုံနေသည့် ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားသည့် ကျေးရွာတစ်ရွာလည်း ဖြစ်ကြောင်း၊ လက်ရှိတွင် တရွာလုံးနီးပါး ကြောက်လန့်ထွက်ပြေးသွားကြပြီး ဟု ဒေသခံများ ပြောပြချက်အရ သိရသည်။

စည်တောင်ရွာတွင် မတ်လ ၂၂ ရက်နေ့ကလည်း တပ်ဘက်က ပစ်ခတ်မှုကြောင့် အရပ်သား ၅ ဦးသေဆုံးခဲ့၇သည်။

-------------------------------

Unicode:












#စစ်ဘေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.