တနင်္ဂနွေ၊ စက်တင်ဘာလ ၂၂ရက်၊ ၂၀၂၄

ရွှေနဒီအမြန်ရေယာဉ်ပိုင်ရှင်နှင့် ဝန်ထမ်းခုနှစ်ဦးတို့အား ဘူးသီးတောင်မြို့နယ်တရားရုံးတွင် ရုံးထုတ်ရမန်ယူ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ အောက်တိုဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 9.5k

သိန်းဇော်(မောင်တော)
စစ်တွေ၊ အောက်တိုဘာ ၂၉/ ၂ဝ၁၉

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့မှ ရွှေနဒီအမြန်ရေယာဉ်ပိုင်ရှင်နှင့် ဝန်ထမ်း ၇ ဦးတို့အား ယနေ့ ဘူးသီးတောင်မြို့နယ်တရားရုံးတွင် ရုံးထုတ်ရမန်ယူကြောင်း သတင်းရရှိသည်။

အောက်တိုဘာလ ၂၆ ရက်နေ့က စစ်တွေမှ ဘူးသီးတောင်သို့ ခရီးသည်တင် မောင်းနှင်လာသည့် ရွှေနဒီ အမြန်ရေယာဉ်ပေါ်မှ တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များအား  ရသေ့တောင်မြို့နယ် ရေမျက်ကျေးရွာအနီးတွင် ရက္ခိုင့်တပ်တော် (AA) မှ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ကိစ္စနှင့် ပတ်သက်ပြီး မသင်္ကာမှုဖြင့် စစ်ဆေးရန် ယနေ့ရုံးထုတ် ချုပ်ရမန်ယူခဲ့ခြင်း ဖြစ်ကြောင်း ဘူးသီးတောင်မြို့နယ် NLD ပါတီ ဥက္ကဋ္ဌ ဦးရဲသိန်းက ပြောသည်။

“စွဲချက်တော့မတင်ရသေးဘူးလို့ သိရပါတယ်။ ဖြစ်တဲ့နေရာက စေတီပြင် နယ်ခြားစောင့်ရဲစခန်း အပိုင်ကျတော့ စေတီပြင်ရဲစခန်းက မသင်္ကာမှုနဲ့ ထပ်စစ်ဆေးမယ်ဆိုပြီး ဒီနေ့ ရုံးထုတ်ပြီး ရမန်ကြီး တစ်ပတ်ယူတာပါ။ သူတို့ကို ရဲကလည်း စစ်ဆေးတယ်။ အခြားအဖွဲ့တွေကလည်း စစ်တယ်။ သုံးရက် သုံးည စနေ၊ တနင်္ဂနွေ၊ တနင်္လာ  စစ်တယ်။ သူတို့ကတော့ အမှန် ပြောတာပဲ။ သိမှမသိတာ။ လမ်းကြောင်းက အမြန်ရေယာဉ် သွားနေတဲ့ လမ်းကြောင်းပဲ။ ဒီလို ဖြစ်မယ်လို့ ဘယ်သူမှ မထင်ဘူး။ အဲ့ဒါတွေကို သူတို့က အဲ့ဒီအတိုင်းပဲ ပြောသွားတယ်” ဟု ဦးရဲသိန်းက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

ရွှေနဒီပိုင်ရှင် ဦးရွှေသန်းမှာ အမှတ် (၆)ရပ်ကွက် မြို့မစျေးအတွင်း ထီလက်မှတ်၊ အမြန်ရေယာဉ်လက်မှတ်များ ရောင်းနေခြင်းဖြစ်ကြောင်း၊ အမြန်ရေယာဉ်အား ကြားဖြတ် ဟန့်တားပြီး ဖမ်းဆီးခေါ်ဆောင်ခံရခြင်းနှင့် ပတ်သက်ပြီး ၄င်းနေ့တွင် ဦးရွှေသန်းမှာ ဘာမှမသိခဲ့ရကြောင်း၊ အမြန်ရေယာဉ် ဘူးသီးတောင်သို့ ပြန်ရောက်လာသည့်အချိန်မှ ထိုဖြစ်စဉ်ကို သိခဲ့ရကြောင်း ဦးရွှေသန်း၏ ညီတော်စပ်သူ ဦးဝေထွန်းစိန်က ပြောသည်။

ဦးဝေထွန်းစိန်က “ရှင်းရှင်းလေး ပြောရရင် ကျနော့်အစ်ကိုက ဘာမှ မသိဘဲပါသွားတာပါ။ ဖြစ်တဲ့နေ့ကလည်း သူဘာမှ မသိ။ ဆိုင်မှာထိုင်ပြီး အောင်ဘာလေသိန်းထီရောင်းတယ်။ အမြန်ရေယာဉ်လက်မှတ်ရောင်းတယ်။ အဲလိုနေတာပါ။ ကျနော့်အစ်ကိုက အမြန်ရေယာဉ်မှာ ပါတာလည်းမဟုတ်ဘူး။ အမြန်ရေယာဉ်ဖြစ်စဉ် အကျိုးအကြောင်းကိုလည်း ဘာမှမသိဘူး။ အမြန်ရေယာဉ်ဘူးသီးတောင်ကို ပြန်ရောက်မှ သိတာပါ”  ဟုပြောသည်။

ရွှေနဒီ အမြန်ရေယာဉ်ပိုင်ရှင်နှင့် ဝန်ထမ်း ၇ဦးတို့အား ဘူးသီးတောင်မြို့နယ် တရားရုံး၌ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ထပ်မံရုံးထုတ် စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။

 အောက်တိုဘာလ ၂၆ ရက်နေ့က စစ်တွေမှ ဘူးသီးတောင်သို့ မောင်းနှင်လာသည့် ရွှေနဒီအမြန်ရေယာဉ်ပေါ်မှ ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးခေါ်ဆောင်သွားသည့် လူပေါင်း ၅၈ ဦးရှိကြောင်း၊ ယင်းအထဲတွင် တပ်မတော်သား ၁၄ ဦး၊ ရဲတပ်ဖွဲ့ဝင် ၂၉ ဦး၊ အကျဉ်းဦးစီးဌာနမှ ဝန်ထမ်း ၂ ဦးနှင့်  အရပ်သား ၁၃ ဦးတို့ပါဝင်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန် ဖော်ပြသည်။

----------------------------------------

Unicode











ဆက်စပ် သတင်းများ