Preview

မောင်တောအင်းဒင်ရွာမှ လူငယ်တစ်ဦး သေနတ်ကျည်ဆံထိမှန်ဒဏ်ရာရ

အောက်တိုဘာ ၃၀/ ၂၀၁၉ | ကြည့်ရှုသူ :966
မှုခင်း သတင်း

သိန်းဇော်(မောင်တော)
စစ်တွေ၊ အောက်တိုဘာ ၃၀/၂၀၁၉

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တောင်ပိုင်း၊ အင်းဒင်ကျေးရွာအုပ်စုတွင် လူငယ်တစ်ဦး ယနေ့ ညဉ့်အချိန်က သေနတ်ပစ်ခံရ၍ ကျည်ဆံထိမှန်ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

ဒဏ်ရာရရှိသွားသူမှာ အင်းဒင်ရွာသစ်ဟု လူသိများသည့် အောင်သုခကျေးရွာမှ သန့်ဇင်ဦး(၂၃)နှစ် (ဘ) ဦးသန်းဝင်း ဖြစ်ကြောင်း သိ၇သည်။

ဖြစ်စဉ်မှာ ယနေ့ အောက်တိုဘာလ ၃၀ ရက် ညဉ့် ၂နာရီခွဲခန့် အစောကြီးအချိန်၌ အင်းဒင်နယ်မြေ ဂြင်းတောရဲ ကင်းစခန်းတွင် ခြံစည်းရိုးနှင့် ဘန်ကာဆောက်လုပ်နေသည့် အလုပ်သမားတစ်ဦးဖြစ်သူ သန့်ဇင်ဦးသည် ကင်းစခန်းနှင့် ပေတစ်ရာခန့်အကွာရှိ တဲအတွင်း အိပ်နေစဉ် ဂြင်းတောရဲ ကင်းစခန်းမှ မသင်္ကာ၍  ခြောက်လှန့်ပစ်ခတ်ရာက ကျည်ဆံထိမှန် ဒဏ်ရာရရှိသွားခြင်း ဖြစ်ကြောင်း အောင်သုခ ကျေးရွာတာဝန်ခံ ဦးသိန်းသိန်းထွန်းက နိရဥ္စရာ သတင်းဌာနသို့ပြောသည်။

“ကျနော်တို့ အောင်သုခရွာက အလုပ်သမားတွေက ဂြင်းတောရဲစခန်းမှာ ခြံစည်းရိုးကာဖို့ တာဝန်ယူထားကြတယ်။ တာဝန်ယူထားတော့ ရွာကနေ အသွားအပြန်လုပ်ရတာ အလှမ်းဝေးတဲ့အခါကျတော့ ကျနော်ဆီကိုလာပြီးတော့ စခန်းနားမှာ နေခွင့်မပေးတဲ့ အတွက် နေခွင့်ရအောင် လုပ်ပေးဖို့   အကူအညီ တောင်းပါတယ်။ အဲဒီမှာ နေခွင့်ရအောင် ကျနော်တို့ကို ထောက်ခံစာလုပ်ပေးလိုက်တဲ့ အတွက် သူတို့ စခန်းနားမှာ တဲထိုးပြီး နေခွင့် ရသွားပါတယ်။ ” ဟု ဦးသိန်းသိန်းထွန်းက ပြောသည်။

အောင်သုခကျေးရွာသစ်နှင့် အလုပ်လုပ်ရမည့် ဂြင်းတောရဲစခန်းမှာ အလှမ်းဝေးပြီး သွားလာရန်ဆိုင်ကယ်မရှိသည့် အတွက် ထိုဂြင်းတောရဲစခန်းအနီးတွင် တဲထိုးပြီး နေထိုင်နိုင်ရန် ကျောက်ပန္ဒူစခန်းမှူးအား သွားရောက် ခွင့်တောင်းခဲ့ရာ စခန်းမှူးမှလည်း တဲထိုးနေခွင့်ပေးလိုက်ကြောင်း ကျေးရွာတာဝန်ခံ ဦးသိန်းသိန်းထွန်းက ဆက်ပြောသည်။

“ကျောက်ပန္ဒူ စခန်းမှူးက နေခွင့်ပေးလို့ သူတို့ကလည်း ဂြင်းတောရဲကင်းစခန်းအနီးမှာ တဲထိုးနေကြတဲ့အချိန် ဒီနေ့ မနက် ညဉ့် ၂နာရီခွဲလောက်မှာ လုပ်သမားအားလုံး အတူတူ အိပ်နေကြတဲ့အချိန်မှာ သန့်ဇင်ဦးကို သေနတ်ကျည်ဆံက လာထိတယ်လို့ပြောပါတယ်။ ကျည်ဆံထိမှန်တော့သူကအော်တဲ့အချိန်မှ အဖွဲ့သားတွေ အကုန်လုံးက ထကြည့်တဲ့ အချိန်မှာ ဒဏ်ရာရနေတာကိုတွေ့ရတယ်။ ဘယ်ကပစ်တာလဲဆိုတော့ ဂြင်းတောစခန်းက ပစ်တာလို့ သူတို့ကပြောပါတယ် ” ဟု ကျေးရွာတာဝန်ခံက ပြောသည်။

သေနတ်ကျည်ထိမှန်မှုကြောင့် ဘယ်ဘက်လက်မောင်း  ရှပ်ထိ ဖေါက်ဝင်ဒဏ်ရာ နှစ်ချက်၊ ညာဘက် လက်မောင်း ရှပ်ထိဒဏ်ရာ နှစ်ချက်၊ ဘယ်ဘက်နားရွက် ဖေါက်ဝင် ဒဏ်ရာတစ်ချက် အသီးသီး ရရှိသွားကြောင်း၊ လက်ရှိတွင် ဒဏ်ရာ ရှိသွားသူ သန့်ဇင်ဦးအား မောင်တောပြည်သူ့ဆေးရုံကြီးသို့ ဆေးကုသမှုခံယူရန် ပို့ဆောင်ထားရကြောင်း မိသားစုဝင် များက ပြောသည်။

ဖြစ်စဉ်နှင့် ပတ်သက်ပြီး  စုံစမ်းမေးမြန်းရန် အင်းဒင်နယ်မြေရုံးသို့ နိရဥ္စရာ သတင်းဌာနမှ ယနေ့ နံနက်ပိုင်းက ဆက်သွယ်မေးမြန်းခဲ့ရာ ဒုရဲအုပ် ကျော်ကျော်နိုင်က စခန်းအောက်နားတွင် လာနေထိုင်သည့်အတွက် မသင်္ကာသဖြင့် ခြောက်လှန့်ပစ်ခတ်ရာမှ ကျည်ဆံထိမှန် ဒဏ်ရာရရှိသွားခြင်းဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

-----------------------------------------

Unicode













#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.