တနင်္ဂနွေ၊ စက်တင်ဘာလ ၂၂ရက်၊ ၂၀၂၄

ဒဏ်ရာရသူများအား သယ်ယူရန်သွားသည့် စက်လှေတားမြစ်ခံထားရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၁ အောက်တိုဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 8k

ခိုင်လူလှ(ရိုးမမြေ)
နိရဥ္စရာ၊ အောက်တိုဘာ ၃၁/၂ဝ၁၉

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် မြောက်ပိုင်း၊ ကျောက်ရံရွာမှ သေနတ်ကျည်ဆံ ထိမှန် ဒဏ်ရာရှိနေသူ အသက် ၁၃ နှစ် အရွယ် မိန်းခလေးနှင့် ငစံဘော် (မုဆိုးချောင်း) မှ ဒဏ်ရာရနေသူ အသက်၅၅ နှစ်အရွယ် မိန်းမကြီး တစ်ဦးအား ယူဆောင်ရန် ကြက်ခြေနီ အလံထောင်ပြီး သွားသည့် စက်လှေမှာ သွားခွင့်မရ တားမြစ်ခံထားရသည်ဟု သတင်းရရှိသည်။

ရသေ့တောင်မြို့နယ်  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက “ ICRC ကို အကူအညီ တောင်းပေးပါ ဆိုလို့ ကူညီတောင်းတယ်။ ICRC ကလည်း ကူညီပါတယ်။ သူတို့က မြို့နယ် ဆရာဝန်နဲ့ ချိတ်ဆက်ပြီး စက်လှေ ငှားပြီးသွားကြဖို့ ပြောတယ်။ ကုန်ကျစရိတ်လည်း သူတို့ပေးမယ်။ စက်လှေပေါ်မှာ ကြက်ခြေနီ အလံထောင်ပြီး သွားဖို့ ပြောတယ်။ ဒီအတွက် စက်လှေတစ်စီးငှားပြီး  ကြက်ခြေနီအလံထောင်ကာ သွားကြတယ်။ စက်လှေပေါ်မှာ ကျန်းမာရေးဝန်ထမ်းတစ်ဦး၊ ကြက်ခြေနီတပ်ဖွဲ့ဝင် တစ်ဦး၊ ကျောင်းဆရာတစ်ဦးတို့ပါသွားတယ်။ စက်လှေက နံနက် ၁၁ နာရီလောက်က စထွက်တယ်။ ထီးစွဲရွာ အဝင် ကျောက်တန်းချောင်းဝရောက်တော့ အဲဒီမှာရှိတဲ့ နေဗီကနေ တားထားတယ်လို့ ပြောတယ်။ အခု ညနေ ၃ နာရီရှိပြီ။ သွားလာခွင့်မပြုတဲ့ အတွက် တားထားတယ်လို့ သိရပါတယ်” ဟု ယနေ့ ညနေ ၃ နာရီက ဆက်သွယ် ပြောကြားသည်။

ယမန်နေ့က ငစံဘော် ကျေးရွာအနီးဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း ရသေ့တောင်မြို့နယ်၊ကျောက်ရံကျေးရွာမှ ပဥ္စမတန်းကျောင်းသူ မနှင်းချေ(၁၃)နှစ် (ဘ) ဦးအောင်ဖိုးစိန် (မိ) ဒေါ်သောင်းယဉ် ဒဏ်ရာရရှိခဲ့ပြီး ငစံဘော်ကျေးရွာမှ အသက် ၅၅ နှစ် အရွယ် အမျိုးသမီးတစ်ဦးတို့ ဒဏ်ရာရရှိခဲ့သည်။

“ ဒီလိုမျိုး တိုက်ပွဲအတွင်း ဒဏ်ရာရသွားတဲ့ အရပ်သားတွေကို နိုင်ငံတကာ ကြက်ခြေနီ ကော်မတီ ( ICRC) တို့လို မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတို့လို အဖွဲ့တွေကိုတော့ လွတ်လပ်စွာသွားလာခွင့် ပြုသင့်ပါတယ်။ ဒီအမျိုးသမီးတွေ၊ အရပ်သားတွေဆိုတာက တိုက်ပွဲထဲမှာ ကြားညှပ်နေကြတဲ့သူတွေ ဖြစ်ကြပါတယ်။ သူတို့မှာ ဘာမှ အပြစ်မရှိပါဘူး” ဟု ဒေါ်ခင်စောဝေက ပြောဆိုသည်။

ကျောက်ရံ ဆရာတော် ဆက်သွယ်ရာ ဆရာတော်က လူနာအား ယူဆောင်ခွင့်မရဟု သတင်းကြားရ၍ အထူးစိတ်မကောင်းဟု ပြောကြားသည်။

“ အဲဒီ ကလေးမေလးက လက်တွေ ရောင်ရမ်းလာတယ်။ လက်တွေက ကိုက်ခဲလာတယ်လို့ ပြောပါတယ်။ အခု ညနေ ၄ နာရီ ထိုးပြီ စက်လှေက မလာသေးဘူး။ ကြားတာက လူနာကို တင်ခွင့်မရဘူးအဲသလို ကြားပါတယ်။ ဒီကလေးမကို တစ်ခြားနေရာကနေ သယ်မယ်ဆိုရင်လည်း ချောင်းတွေ ၂ ချောင်းလောက်ရှိတဲ့ အတွက် စေတီတောင်တိုက်နယ် ဆေးရုံကို ယူဖို့လည်း မလွယ်ပါ” ဟု ဆရာတော်က ပြောကြားသည်။

စက်လှေနှင့် အတူ လိုက်ပါသွားသည့် ရသေ့တောင်မြို့နယ် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတာဝန်ခံ ဦးဦးလှကျော်သို့ ဆက်သွယ်ရာ ဖုန်းပိတ်ထားသဖြင့် ဆက်သွယ်မရရှိခဲ့ပါ။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးအား ဆက်သွယ်ရာတွင်လည်း ဖုန်းစက်ပိတ်ထားသဖြင့် မေးမြန်းနိုင်ခြင်း မရှိသေးပါ။

-------------------------------

Unicode


နိရဉ်စရာ၊ အောကျတိုဘာ ၃၁/၂ဝ၁၉









ဆက်စပ် သတင်းများ