စစ်ကြောင်း၏ ဖမ်းဆီးစစ်ဆေးမှုကို ခံခဲ့ရသည့် ရခိုင်နှင့်ချင်းလူငယ်တစ်ဦးတို့ကို ဆေးရုံတင်ထားရဟုဆို


ချစ်အိလှိုင်
နိရဥ္စရာ ၊ နိုဝင်ဘာ ၁/၂ဝ၁၉

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် စိမ်းစင်းကျေးရွာမှ ရခိုင်လူငယ်တစ်ဦးနှင့် ချင်းလူငယ်တစ်ဦးကိို တပ်မတော်က ဖမ်းဆီး စစ်ဆေးခဲ့ပြီးနောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံတင်ထားရကြောင်း သတင်းရရှိသည်။

ထိုသို့ တပ်မတော်က ဖမ်းဆီးစစ်ဆေးပြီးနောက် ဆေးရုံတင်ထားရသည့် သူနှစ်ဦးမှာ ပလက်ဝမြို့နယ် စိမ်းစင်း ကျေးရွာနေ ရခိုင်လူမျိုး ကိုသီဟခိုင်စိုး(၂၉)နှစ်နှင့် ချင်းလူမျိုးတစ်ဦးဖြစ်သူ ကိုခါလူးဒါ(၂၈)နှစ်တို့ ဖြစ်ကြောင်း သိရသည်။

အောက်တိုဘာ ၃၁ ရက်နေ့ နံနက် ၉ နာရီခန့်က စိမ်းစင်းကျေးရွာအနီး မိုင်းတစ်လုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ နှမဒါ စျေးမှ စျေးဝယ်ပြီးပြန်လာသည့် ကိုသီဟခိုင်စိုးနှင့် ကိုခါလူးဒါတို့ အပါအဝင် လစာထုတ်ပြီးပြန်လာသည့် ကျောင်းဆရာမ လင်မယား နှစ်ဦးတို့ကို တပ်မတော်က ဆိုင်ကယ်များကိုတားကာ စစ်ဆေး မေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း၊ ၎င်းတို့အထဲမှ အမျိုးသားများကို ရိုက်ပုတ် စစ်ဆေးခဲ့သည်ဟု စိမ်းစင်း ကျေးရွာသားတစ်ဦးထံမှ သိရသည်။

ယင်းနောက်တွင် ကျောင်းဆရာမ လင်မယားနှစ်ဦးအား ပြန်လွှတ်ပေးခဲ့ပြီး ရခိုင်လူငယ် ကိုသီဟခိုင်စိုးနှင့်  ချင်းလူငယ် ကိုခါလူးဒါတို့နှစ်ဦးအား ဖမ်းဆီးထားလိုက်ကြောင်း၊ယနေ့နံနက်တွင် ကိုသီဟခိုင်စိုးကို နှမဒါချောင်း ကမ်းစပ်တွင် ဒဏ်ရာနှင့်တွေ့ရကြောင်း၊ကိုခါလူးဒါကို စိမ်းစင်းကျေးရွာ၏ နှစ်မိုင်အကွာ တောစပ်မှ ဒဏ်ရာဖြင့် တွေ့ခဲ့ရသည့်အတွက် ၄င်းတို့နှစ်ဦးကို ပလက်ဝဆေးရုံတွင် တင်ထားရကြောင်း ၄င်းကပြောသည်။

“ ဟုတ်တယ်။ ဆေးရုံတင်ရတယ်။ မနေ့က ၉ နာရီလောက်က ဖမ်းထားလိုက်တာ ဒီနေ့မနက်က ပြန်လွတ် ပေးလိုက်တာ။ သူတို့နှစ်ယောက်က နှမဒါမှာ စျေးသွားဝယ်တာကပြန်လာတာ။ ကျောင်းဆရာမ လင်မယားကတော့ ပလက်ဝက လက်ခထုတ်ပြီးပြန်လာမှာ သူတို့နှစ်ယောက်နဲ့အတူတွေ့တယ်။ အဲဒီမှာ မိုင်းပေါက်တာ။ ကျောင်းဆရာမ ယောကျ်ားကို သေနတ်ဘောင်တွေနဲ့ထုလွတ်လိုက်တယ်။ ကျောင်းဆရာမလင်တော့ ဆေးရုံမတင်ရဘူး ခေါင်းကွဲသွားတယ်။ သူတို့ကို မတွေ့သေးဘူး။ ဒဏ်ရာပြင်းတယ်လို့ပြောတယ်”ဟု ဆေးရုံတင်ထားရသူ ကိုသီဟခိုင်စိုး၏  ဆွေမျိုးတော် စပ်သူ အမျိုးသမီး တစ်ဦးကပြောသည်။

 ၄င်းကိစ္စနှင့် ပက်သက်၍ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက “မဟုတ်ပါဘူး။ အဲဒီမှာ မိုင်းပေါက်ကွဲတာလည်း ကျနော်မကြားပါဘူး”ဟုပြောသည်။

----------------------------

Unicode:



နိရဉ်စရာ ၊ နိုဝငျဘာ ၁/၂ဝ၁၉







Share: