သိန်းဇော် (မောင်တော)
စစ်တွေ၊ နိုဝင်ဘာ ၄ / ၂၀၁၉
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ထီးစွဲကျေးရွာ ကားလမ်းဘေးရှိ နေအိမ်မီးရှို့ခံလိုက်ရသည့် မိသားစုနှစ်စုသည် အိုးမဲ့အိမ်မဲ့ဖြစ်နေကြောင်း သတင်းရရှိသည်။
မီးရှို့ခံလိုက်ရသည့်နေအိမ်များမှာ ထီးစွဲကျေးရွာမှ ဦးဘသန်းနှင့် ဦးကျော်ဌေးတို့၏နေအိမ်များဖြစ်ကြောင်း သိရသည်။
"မီးလောင်တဲ့အထဲမှာ ရှိတဲ့ပစ္စည်း ပစ္စယျတွေအားလုံး ပါသွားပါတယ်။ လုပ်စားစရာလည်း ဘာမှမရှိတော့ဘူး။ အားလုံးပါသွားပါပြီ။ အဝတ်တစ်ထည် ကိုယ်တစ်ခုပဲ ကျန်ခဲ့တာပါ။”ဟု မီးရှို့ခံလိုက်ရသည့် နေအိမ်ပိုင်ရှင်ဦးဘသန်း၏ဇနီး ဒေါ်ခင်အေးက နိရဥ္စရာသတင်းဌာနအား ပြောသည်။
မီးရှို့ခံလိုက်ရသည့်နေအိမ်နှစ်လုံးသည် ထီးစွဲရွာအပြင်ဘက်ရှိ ကားလမ်းဘေးတွင် အိမ်ဆောက်ကာ ဥယျာဉ်ခြံအလုပ်နှင့် ဆိုင်ရောင်းသည့်အလုပ်တို့ဖြင့် လုပ်ကိုင်စားသောက်နေကြခြင်းဖြစ်ပြီး မီးရှို့ခံလိုက်၇မှုကြောင့် ၄င်းတို့ပိုင် ရေစုပ်စက် ၁ လုံး၊ ဒီဇယ်စက် ၂ လုံး၊ ဆိုင်ဝန်ပစ္စည်းများနှင့် အိမ်အသုံးအဆောင်ပစ္စည်းများအားလုံး ပျက်စီးဆုံးရှုံးသွားကြောင်း သိ၇သည်။
အဆိုပါနေအိမ်နှစ်လုံးအား အောက်တိုဘာလ ၂၉ ရက်နေ့ ညနေ ရ နာရီခန့်က တပ်မတော်စစ်ကြောင်းတစ်ခုက မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း နေအိမ်ပိုင်ရှင်များက ပြောသည်။
“မီးရှို့တာက ဗမာစစ်တပ်က ရှို့ပစ်လိုက်တာပါ။
ဘာကြောင့်ရှို့တယ်ဆိုတာကို မသိဘူး။"ဟု ဒေါ်ခင်အေးက ဆိုသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ပထမတန်း စစ်ဦးစီး ဗိုလ်မှူကြီးဝင်းဇော်ဦးအား နိရဥ္စရာ သတင်းဌာနက မေးမြန်းရာ ၄င်းက ထိုနေအိမ်နှစ်လုံးအား တပ်မတော်က ရှို့ခြင်းမဟုတ်ဟု ဖြေကြားသည်။
“ထီးစွဲရွာဆိုတာက ကားလမ်းကနေဝင်လို့ရှိရင် အထဲကို ၁၀ မိနစ်လောက်ဝင်ရတယ်။ လမ်းက တစ်မိုင်လောက်ရှည်တယ်။ အဲဒီမှာ ဈေးဆိုင်တန်း အပျက်တွေရှိတယ်။ ကျနော်တို့က ဘာမှလုပ်တာမဟုတ်ဘူး။ အဲဒီနားလေးမှာ တပ်ကဖြတ်သွားတဲ့အခါမှာ AA နေပြီး ၄၀ မမ ဗုံးသီးနဲ့ပစ်လို့ ဓနိတွေနဲ့မိုးထားတဲ့ တဲတန်းလေးပေါ်မှာကျလို့ တဲတန်းလေးမီးလောင်သွားတာ။ ဒါကလွဲလို့ ကျန်တာဘာမှမရှိဘူး။ ကျနော်တို့ရှို့တာမဟုတ်ဘူး။”ဟု ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောသည်။
ရက္ခိုင့်တပ်တော်(AA)မှ ပြန်ကြားရေး တာဝန်ခံ ခိုင်သုခကလည်း အဆိုပါနေအိမ်များမီးရှို့ခံ၇မှုမှာ ၄င်းတို့ကြောင့် မဟုတ်ဟု ဆိုသည်။
ခိုင်သုခက "ကျနော်တို့သိတာကတော့ ဗမာစစ်တပ်ကနေပြီးတော့ အဲဒီအိမ်တွေကို အသလွတ်ကြီးနေပြီးတော့ မီးရှို့ပစ်ခဲ့တာ။
ကျနော်တို့ဘက်က ပစ်တာလုံး၀မရှိဘူး။"ဟု နိရဥ္စရာကိုပြောသည်။
လက်ရှိတွင် မီးရှို့ဖျက်ဆီးခံလိုက်၇သည့်နေအိမ်များမှ မိသားစုများမှာ ၄င်းတို့၏ ဆွေမျိုးများထံတွင် ခိုလှုံနေကြရသည်ဟုလည်း သိ၇သည်။
--------------------------
Unicode
ကနျြောတို့ဘကျက ပဈတာလုံး၀မရှိဘူး။"ဟု နိရဉ်စရာကိုပွောသညျ။