ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ နိုဝင်ဘာ ၁၁/၂၀၁၉
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ထီးစွဲကျေးရွာမှ ပျောက်ဆုံးနေသော အသက် ၇၀ နှစ်အရွယ် ရွာဆော်နှင့် ဘုန်းတော်ကြီးကျောင်းကပ္ပီယ ဦးမောင်သိန်းကျော်၏ အသုံးအဆောင်ပစ္စည်းများနှင့် ခန္ဓာကိုယ်အစိတ်အပိုင်းများကို ဘုန်းတော်ကြီးကျောင်းအနီးရှိ မီးရှို့ထားသည့် ပြာပုံထဲမှ တွေ့ရှိသည်ဟု ဇနီးဖြစ်သူ ဒေါ်သိန်းညွှန့်ဖြူက ပြောကြားသည်။
“ ဘုန်းတော်ကြီးကျောင်းအနီးက မီးရှို့ထားတဲ့ နေရာတစ်ခုကို ပြာပုံကို ယက်ကြည့်တော့ သူကိုင်ခဲ့တဲ့ ကတ်ကြေး၊ ပရုပ်ဆီဗူး၊ ဖန်ဂေါ်သီးနှစ်လုံး၊ နာရီမှန်ခွက်၊ လက်သည်းညှပ်နဲ့ သူဝတ်ခဲ့တဲ့ ပုဆိုးစ လက်တစ်ဝါးလောက်ကို အဆီဖတ်တစ်ခုနဲ့ တွေ့ပါတယ်။ မီးမလောင်တဲ့ အခဲတစ်ခဲတွေ့ပါတယ်။ ပီးရင် ဒူးဆစ်နဲ့ ကြောဆစ် အရိုးတစ်ခုလည်းတွေ့ပါတယ်။ ဒါကြောင့် သူမီးရှို့ အသတ်ခံရတယ်လို့ ပြောလို့၇ပါတယ်” ဟု ဒေါ်သိန်းညွှန့်ဖြူ (၆၀) နှစ်က ပြောသည်။
ဒေါ်သိန်းညွှန့်ဖြူသည် လက်ရှိ ရသေ့တောင်မြို့ပေါ် စစ်ဘေးရှောင်စခန်းသို့ ရောက်ရှိနေပြီး သူမ၏လင်ဖြစ်သူမှာ ယခုလ ၁ ရက်နေ့ကတည်းက ပျောက်ဆုံးသွားခဲ့သည်ဟု ပြောဆိုသည်။
“ ကျွန်မက ကျွန်မယောကျာ်းကိုတွေ့နိုးနိုးနဲ့ စစ်တပ် စစ်ကြောင်း ကျွန်မတို့ရွာက ဇက်သင်္ဘောနဲ့ မှန်နီပြင် ကျေးရွာဘက်ကို ထွက်သွားတော့ မှန်နီပြင်ရွာကို လိုက်သွားပါတယ်။ စစ်ကြောင်းကို မမီလိုက်တော့ ရွာသားတွေကို အဖိုးကြီး တစ်ဦး စစ်သားတွေနဲ့ ပါသလားဆိုပြီး မေးတယ်။ မပါဘူးလို့ ပြောတယ်။ ဒါနဲ့ ဘူးသီးတောင်မြို့နယ် ညောင်ချောင်းကို စစ်ကြောင်းရောက်တယ်ဆိုလို့ လိုက်မေးတယ်။ စစ်ကြောင်းကိုသွားမေးတော့ မပါဘူးလို့ ပြောတယ်။ ဘူးသီးတောင်ကို စစ်ကြောင်းပြန်ဝင်တယ်လို့ ကြားတဲ့ အတွက် အဲဒီ ၅၅၁ တပ်ရင်းဘက်ကို လိုက်သွားပါတယ်။ ၅၅၁ တပ်ရင်းထဲကိုလည်း မဝင်ရဲဘူး။ အပြင်က အ၀မှာနေပြီး ဈေးဆိုင်ကလေးရောင်းနေတဲ့ အမျိုးသမီးကို မေးတယ်။ စစ်ကြောင်း ပြန်ဝင်လာတော့ အဖိုးကြီးတစ်ဦး ပါတာတွေ့သလားလို့။ မမြင်ဘူးလို့ ဆိုင်ရောင်းတဲ့ အမျိုးသမီးက ပြောတယ်။ စစ်ကြောင်းလည်း ညဉ့်က ပြန်ထွက်သွားတယ်လို့ ပြောတဲ့ အတွက် ထီးစွဲရွာကို ပြန်လာပါတယ်။ နေ့စွဲလည်း မမှတ်မိပါ။ ရွာကို ပြန်ရောက်တော့ ကျွန်မယောကျာ်းရဲ့ အသုံးအဆောင်တွေကို မီးလောင်ထားတဲ့ နေရာမှာ တွေ့တယ်လို့ ရွာသားတွေက ပြောတော့ မီးလောင်တဲ့ နေရာက ပြာတွေကို ယက်ပြီးရှာကြည့်တော့ ကျွန်မ ယောကျာ်းကိုင်ခဲ့တဲ့ ပစ္စည်းတွေကို တွေ့ပါတယ်” ဟု ဒေါ်သိန်းညွှန့်ဖြူက ပြောကြားသည်။
၎င်းနောက်ပိုင်း ဒေါ်သိန်းညွှန့်ဖြူသည် စိတ်မနှံ့သူ သမီးအငယ်ဆုံး စန္ဒာဝင်းနှင့် အတူ ရသေ့တောင်မြို့ပေါ် ကယ်ဆယ်ရေး စခန်းသို့ ထွက်ခွာလာခဲ့သည်ဟု ပြောဆိုသည်။
ရွာဆော်နှင့် ကျောင်းကပ္ပီယ ဦးမောင်သိန်းကျော်နှင့် ဒေါ်သိန်းညွှန့်ဖြူတို့တွင် သားသမီး ၅ ဦးရှိပြီး သားအကြီးဆုံးဖြစ်သူ မောင်လေးစံမှာ ထိုင်းတွင် အလုပ် လုပ်နေကြောင်း၊ သမီးကြီးဖြစ်သူ ဒေါ်မိုးဋ္ဌေးမှာ စစ်တွေ သဲချောင်းတွင် နေထိုင်ကြောင်း၊ ရသေ့တောင်မြို့နယ် အိုးဖောက်တွင် သမီးမိုးစန္ဒာနှင့် သရက်ပြင်ကျွန်းတွင် သမီးစန္ဒာအေးတို့ ရှိကြောင်း၊ လက်ရှိ ဒေါ်သိန်းညွှန့်ဖြူမှာ စိတ်မနှံ့သူ မစန္ဒာဝင်းနေထိုင်သည်ဟု သိရသည်။
ထီးစွဲရွာ ကျေးရွာလူကြီး တစ်ဦးက “ ကျွန်တော်တို့ ဘုန်းတော်ကြီးကျောင်းသစ်အတွက် အုတ်ဖုတ်တဲ့ နေရာရှိပါတယ်။ အဲဒီအနီးက အနောက်တောင်ဘက်မှာ ဘုန်းကြီးကျောင်းဟောင်းက ထွက်တဲ့ သစ်တွေ၊ တိုလီမုတ်စတွေကို စုထားတဲ့ နေရာရှိပါတယ်။ အဲဒီအနီးမှာ မီးရှို့ထားတဲ့ ပြာပုံထဲကနေ မီးမကျွမ်းတဲ့ အဆုတ်နဲ့ အသည်းလိုမျိုး ၊ ဦးမောင်သိန်းကျော်ရဲ့ ပစ္စည်းတွေ ဖြစ်တဲ့ နာရီခွံတွေ၊ ကတ်ကြေးနဲ့ လက်သည်းညှပ်တွေကို ရွာသားတွေ တွေ့ရှိပါတယ်” ဟု ပြောသည်။
ဦးမောင်သိန်းကျော်သည် တပ်မတော် စစ်ကြောင်းရွာထဲသို့ ဝင်ရောက်လာသည့် နိုဝင်ဘာ ၁ ရက်နေ့မှ ပျောက်ဆုံးနေခြင်းကြောင်း ၎င်းက ပြောကြားသည်။
“ ကျွန်တော်တို့က မျက်မြင် မဟုတ်တော့ ဘယ်သူမီးရှို့တယ်ဆိုတာကို မပြောနိုင်ပါဘူး။ သူပိုင်ပစ္စည်းတွေဖြစ်တဲ့ နာရီခွံ၊ ကတ်ကြေး၊ လက်သည်းညှပ်စတဲ့ ပစ္စည်းတွေကို ပြာပုံထဲမှ တွေ့တယ်။ တစ်ချို့ ခန္ဓာကိုယ်ထဲက မီးမလောင်တဲ့ အစိတ်အပိုင်း တစ်ချို့တွေ့ပါတယ်” ဟု ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောကြားသည်။
ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က “ သူက စစ်ကြောင်းလာတော့ ရွာသားတွေထွက်ပြေးချိန်မှာ ဘုန်းတော်ကြီးကျောင်းမှာ တစ်ခြား အမျိုးသမီး သုံးလေးဦးနဲ့ အတူ ကျန်ခဲ့တယ်လို့ သိရပါတယ်။ သူက ရွာဆော်ဆိုတော့ အရင်စစ်ကြောင်း ဝင်လာတုန်းကလည်း ကူညီခဲ့ဖူးတဲ့ အတွက် ရွာက ထွက်မပြေးဘဲ ကျန်နေခဲ့တာလို့ ပြောတယ်။ အဲဒီရွာနားမှာလည်း စစ်ကြောင်းလာတုန်းက မိုင်းပေါက်တာတွေလည်း ရှိတယ်လို့ သိရတယ်။ ဘာကြောင့်၊ ဘယ်လို ဖြစ်တယ်ဆိုတာတော့ မသိရဘူး။ အခု ဦးမောင်သိန်းကျော် ကိုင်ဆောင်ခဲ့တဲ့ ပစ္စည်းတွေကို ဘုန်းတော်ကြီးကျောင်းဘေးနားက မီးရှို့ခံထားရတဲ့ နေရာက တွေ့တယ်လို့ ပြောတယ်။ တွေ့တာ ဒီလ ၉ ရက်နေ့ကလို့ ပြောတယ်။ မီးရှို့ထားတဲ့ နေရာက သူကိုင်ခဲ့တဲ့ ပစ္စည်း သဲလွန်စတွေတွေ့တော့ သူဖြစ်ဖို့ များပါတယ်” ဟု ပြောကြားသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး သက်ဆိုင်သူများ အနေဖြင့် အဖြစ်မှန်ကို ဖော်ထုတ်ပေးစေလိုသည်ဟု ထီးစွဲရွာဆော်နှင့် ကျောင်းကပ္ပီယဖြစ်သူ ဦးမောင်သိန်းကျော်ဇနီး ဒေါ်သိန်းညွှန့်ဖြူက ပြောသည်။
----------------------------
Unicode:
နိရဉ်စရာ၊ နို၀ငျဘာ ၁၁/၂၀၁၉