ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ နိုဝင်ဘာ ၁၆/ ၂၀၁၉
ရခိုင်ပြည်နယ်၊ ၇သေ့တောင်မြို့နယ်၊ နွားလားကျော်အုပ်စု အတွင်း ယနေ့ နေ့လယ် ၂ နာရီမှ စတင်ပြီး မြန်မာတပ်မတော်နှင့် ရက္ခိုင်တပ်တော် (AA) တို့အကြားတိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တပ်မတော်မှ ရဟတ်ယာဉ် နှစ်စီးဖြင့် တိုက်ခိုက်ခဲ့သလို ရသေ့တောင်အခြေစိုက် တပ်ရင်းများမှလည်း အမြောက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ရသေ့တောင်မြို့ အနီးရှိ မယူမြစ်ထဲတွင် ရှိနေသည့် စစ်ရေယာဉ်မှလည်း အမြောက်ကြီးများ၊ စက်သေနတ်များဖြင့် ပစ်ခတ်ခဲ့သည်ဟု သတင်းရရှိသည်။
နွားလာကျော်ကျေးရွာ ယခင်အုပ်ချုပ်ရေးမှူးဟောင်းက “ ဒီကနေ့ ရဟတ်ယာဉ် နှစ်စီးနဲ့ တိုက်ခိုက်တာက နွားလားကျော်အုပ်စု၊ လိုင်ဂွင်ကြီးချောင်းဖျားနေရာတွေကို တိုက်ခိုက်တာဖြစ်ပါတယ်။ တိုက်ပွဲက မွန်းလွဲ ၂ နာရီမှာ စဖြစ်တာ။ ၅ နာရီ ပတ်ဝန်းကျင်လောက် အချိန်မှာတော့ စစ်တပ်က ရဟတ်ယာဉ် နှစ်စီးနဲ့ လာရောက် တိုက်ခိုက်ပါတယ်။ ပီးရင် ရသေ့တောင်မြို့ပေါ် တပ်ရင်းတွေကလည်း ဒုံးတွေနဲ့ လှမ်းပစ်ပါတယ်” ဟု ပြောကြားသည်။
၎င်းပြင် မေယူမြစ်ထဲရှိ စစ်ရေယာဉ်မှလည်း လက်နက်ကြီးများ၊ စက်သေနတ်များဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်သည်ဟု ပြောကြားသည်။
ရသေ့တောင်မြို့ပေါ်မှ မြို့မိမြို့ဖ တစ်ဦးဖြစ်သူ ဦးဦးသာဇံက “ ရေတပ်ကနေ ပစ်တာကိုတော့ ဒီကနေ့ ညနေ ၆ နာရီလောက်က စကြားရတယ်။ ပစ်တာကတော့ အချက် မရေတွက်နိုင်ဘူး။ နွားလာကျော်ရွာဘက်ကို ပစ်တယ်လို့ သိရပါတယ်။ မနေ့က ညဉ့်မှာ ရသေ့တောင်အခြေစိုက် တပ်ရင်းတွေက ပစ်သံတွေကို ညဉ့် ၁၁ နာရီကျော်က စကြားရတယ်။ တစ်နာရီ နှစ်ရီကျော်ကြာ ကြားရတယ်။ မနက်ကျတော့ ငတောက်တူချေဘက်မှာလည်း တိုက်ပွဲတွေ ဖြစ်တယ်ကြားရတယ်။ အခြေအတွေ ရှုပ်ထွေးနေတဲ့ အတွက် တိတိကျကျ ဘယ်လို ဖြစ်နေတယ်ဆိုတာ ပြောဖို့ ခက်ပါတယ်” ဟု ပြောသည်။
ယခုကဲ့သို့ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများကို ရသေ့တောင်တစ်မြို့နယ် တစ်ခုလုံးက ကြားရပြီး ဒေသခံများအတွင်း စိုးရိမ်မှုများမြင့်တက်နေကြောင်း ၎င်းက ပြောဆိုသည်။ ၎င်းပြင် အိမ်ခြေ ၃၀၀ ကျော်၊ လူပေါင်း တစ်ထောင်ကျော်ရှိသည့် နွာလားကျော်ကျေးရွာအုပ်စုမှ ရွာသားများလည်း ကြောက်လန့်ထွက်ပြေးနေကြရသည်ဟု ပြောဆိုသည်။
ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေသို့ ဆက်သွယ်ရာ နေဗီမှနေ၍ ယနေ့ညနေပိုင်းမှ စပြီး အချက်ပေါင်းများစွာ ပစ်ခတ်နေသည်ဟု သတင်းရရှိကြောင်း ပြောကြားသည်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးသို့ ဆက်သွယ်ရာ အချိန်မအားသေးသဖြင့် နောက်မှ ပြန်ဆက်ပါဟု ပြောကြားသည်။
-----------------------------------
Unicode:
နိရဉ်စရာ၊ နို၀ငျဘာ ၁၆/ ၂၀၁၉