မာန်ယုကျော် (ရွှေ၀မြေ)
စစ်တွေ၊ နိုဝင်ဘာ ၁၉ / ၂၀၁၉
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ အပေါက်၀ကျေးရွာထိပ်တွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပြီးနောက် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သဖြင့် အနီးအနားရှိ အပေါက်၀အထက်တန်း ကျောင်းသား ကျောင်းသူများမှာ စာမသင်ကြားနိုင်တော့ဘဲ ကျောင်းထဲတွင် ဝပ်နေခဲ့ကြသည်ဟု ကျောင်းသားမိဖများက ပြောသည်။
"ရထားဘူတာနားက စံပယ်ပင်ရှိတယ်။ အဲဒီစံပယ်ပင်နားမှာ ပထမ ပေါက်ကွဲမှုဖြစ်တယ်။ ဖြစ်ပြီးတာနဲ့ သူတို့ ရွာထဲကို ပစ်တော့တာပဲ။ လက်နက်ကြီးနဲ့တော့ မပစ်ဘူး။ လက်နက်ငယ်နဲ့ပစ်တာ။ ကျောင်းသားတွေကလည်း ကစဉ့်ကလျားနဲ့ မိဘတွေကလည်း ငိုလိုက်၊ ရယ်လိုက်နဲ့ ဖြစ်နေကြတယ်။ ကျောင်းကလည်း ကျောင်းဆင်းချိန် မဟုတ်ဘူးလေ။ အားလုံး ကျောင်းထဲမှာပဲ ဆရာမကြီး စီစဉ်မှုနဲ့ ဝပ်နေကြရတယ်"ဟု ကျေးရွာသားတစ်ဦးက ပြောသည်။
အပေါက်၀ကျေးရွာထိပ် ၇ထားဘူတာအနီးတွင် ယနေ့ မွန်းတည့် ၁၂ နာရီ မိနစ် ၅၀ ခန့်က တပ်မတော် စစ်ကြောင်းတစ်ခုဖြတ်အသွားတွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပေါ်ခဲ့ပြီးနောက် အဆိုပါတပ်မတော်စစ်ကြောင်းက ရွာထဲသို့ လက်နက်ငယ်များဖြင့် မိနစ် ၂၀ ခန့် ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။
အဆိုပါဖြစ်စဉ်ကြောင့် တပ်မတော်သားအချို့သည် အပေါက်၀တိုက်နယ်ဆေးရုံတွင် ရောက်ရှိနေသလို အပေါက်၀ ကျေးရွာ၏ ရွာထိပ်အပါအဝင် ရွာဦးဘုရားသို့သွားလမ်းတို့တွင် တပ်မတော်သားများ နေရာယူထားသည်ဟုလည်း ရွာသားများပြောသည်။
"သူတို့ ဆေးရုံမှာလည်း တစ်ဖွဲ့ရောက်နေတယ်။ ဆေးရုံမှာဆိုတော့ ကျနော်တို့ကတော့ တစ်ခုခု ဖြစ်ပုံရတယ်။ ဒဏ်ရာရတာလည်း ဖြစ်နိုင်တယ်"ဟု အမည်မဖော်လိုသည့် ရွာသားတစ်ဦးက ဆိုသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး အသေးစိတ်သိနိုင်ရန် အနောက်ပို်င်းတိုင်း စစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးဝင်းဇော်ဦးအား နိရဥ္စရာသတင်းဌာနက ယနေ့ မွန်းလွဲ ၁ နာရီ မိနစ် ၄၀ ခန့်က ဆက်သွယ်ရာ "မအားသေးဘူး။ နောက်မှပြန်ဆက်ပါ"ဟု ဖြေကြားသွားခဲ့သည်။
အပေါက်၀ရွာထဲသို့ တပ်မတော်က ပစ်ခတ်မှုဖြစ်နေချိန်တွင် တစ်နေရာမှတစ်နေရာသို့ သွားမကြည့်ရဲသည့်အတွက် ရွာသားများထိခိုက်မှုရှိ/မရှိဆိုသည်ကို လောလောဆယ်မသိရသေးဟုလည်း ရွာသားများက ဆိုသည်။
သြဂုတ်လ ၁၁ ရက်နေ့ နံနက် ၉ နာရီခန့်ကလည်း အပေါက်၀ကျေးရွာမှ ခွဆုံကျေးရွာသို့သွားသည့်လမ်းတွင် မိုင်းပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့သလို သြဂုတ်လ ၁၄ ရက်နေ့ နံနက် ၁၁ နာရီခန့်ကလည်း အပေါက်၀ရဲစခန်းရှေ့တွင် မိုင်းပေါက်ကွဲမှုတစ်ခုဖြစ်ပေါ်ခဲ့ကြောင်း သိ၇သည်။
အပေါက်၀ကျေးရွာတွင် ပြီးခဲ့သည့် အောက်တိုဘာလ ၂၃ ရက်နေ့က နံနက်ပိုင်းကလည်း ရွာထဲသို့ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲမှုကြောင့် မြေးအဖိုးနှစ်ဦးထိခိုက်ဒဏ်ရာ၇သွားခဲ့သည်။
အောက်တိုဘာလ ၁၇ ရက်နေ့ကလည်း အပေါက်၀ရွာသားတစ်ဦးသည် သေနတ်ပစ်ခံ၇၍ သေဆုံးသွားသည်ဟု သေဆုံးသူ၏ဇနီး ဒေါ်မသန်းလှက ပြောသည်။
---------------------------
Unicode: