- Web Master
- ၂၇ ဇွန် ၂၀၂၃
သိန်းဇော်(မောင်တော)
စစ်တွေ၊ နိုဝင်ဘာ ၂ဝ /၂ဝ၁၉
နှစ်စဉ် နတ်တော်လပြည့်နေ့တွင် ကျင်းပလာသည့် ရခိုင်ပြည်နယ်မှ အစည်ကားဆုံး ဘုရားပွဲတော်တစ်ခု ဖြစ်သည့် သမိုင်းဝင် ဆံတော်ရှင်ဘုရားပွဲကို ယခုနှစ်တွင် ကျင်းပပြုလုပ်နိုင်မည်မဟုတ်ဟု ဘုရားဂေါပကအဖွဲ့တာဝန်ရှိသူများက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။
ဆံတော်ရှင်ဘုရား ဂေါပက အဖွဲ့အဝင်တစ်ဦး ဖြစ်သူ ဦးခင်မောင်သိန်းက “အဓိက မကျင်းပဖြစ်တာက ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေဖြစ်နေတဲ့အတွက် လုံခြုံမှုမရှိတာကြောင့် ဒီပွဲကို ဒီနှစ်မှာ မကျင်းပဖြစ်တာပါ။ သက်ဆိုင်ရာက လုံခြုံရေးမပေးနိုင်သလို ဆရာတော်ကြီးတွေကလည်း သဘောမတူဘူး။ ဆရာတော်ကြီး တွေကလည်း စိုးရိမ်မှုတွေ ရှိနေကြတယ်။ ပွဲကျင်းပဖို့ ဆရာတော်ကြီးတွေက သြဝါဒမပေးဘူးလို့ ဒက္ခိဏ ရာမဆရာတော်ကြီးက မိန့်ကြားပါတယ်” ဟု ပြောသည်။
ပေါက်တောမြို့၊ မြေငူကျွန်းရှိ သမိုင်းဝင် ဆံတော်ရှင် ဘုရားပွဲကို နှစ်စဉ် နှစ်တိုင်း နတ်တော်လဆန်း ၈ ရက်နှင့် ၉ ရက်နေ့တို့မှ စတင်ပြီး လပြည့်ကျော် ၁ ရက်နေ့ထိ စည်ကားသိုက်မြိုက်စွာ ပြုလုပ်ကျင်းပလေ့ရှိပြီး ရခိုင်ပြည်နယ် အနှံ့အပြားမှ ဘုရားဖူးများသာမက ရန်ကုန်၊ မန္တလေးတို့မှလာရောက်ကြသည်ဟု သိရသည်။
ပွဲတော်ကျင်းပရေးကိစ္စနှင့် ပတ်သက်ပြီး ဒက္ခိဏရာမဆရာတော်ဘုရား၊ မဏိရတနာ ဆရာတော်ဘုရား၊ ပြည်နယ် သံဃာနာယက ဥက္ကဋ္ဌ ဓမ္မသုခဆရာတော်ဘုရားအပါဝင် တခြားဆရာတော်အရှင်မြတ်တို့မှ လုံခြုံရေးအရ ပွဲကျင်းပရန် မသင့်မြတ်သည့် အချိန်ခါ ဖြစ်သည့်အတွက် ယခုနှစ်တွင် မကျင်းပရန် သြဝါဒ ပေးရာမှ ဘုရားဂေါပကမှ ပွဲတော် မကျင်းပရန် ဆုံးဖြတ်ချက်ချခဲ့ကြောင်း ၎င်းက ပြောသည်။
“ ဘုရားပွဲတော် ဗုဒ္ဓပူဇနိယပွဲကို မကျင်းပပေမယ့် အစဉ်အဆက်ကျင်းပလာတဲ့ ပဌာန်းတရားပွဲတော် တစ်ခုကိုတော့ သဝင်ချောင်းဆရာတော်ဦးဆောင်တဲ့ သာသနာ့နုဂ္ဂဟအဖွဲ့နဲ့ ဆံတော်ရှင် ဘုရားဂေါပကအဖွဲ့တို့ ပူးပေါင်းပြီး ဒီနှစ်ကျင်းပသွားဖို့ စီစဉ်ထားတာရှိပါတယ်” ဟု ဦးခင်မောင်သိန်းက ဆက်လက်ပြောဆိုသည်။
ရခိုင်ပြည်အတွင်း တန်ခိုးကြီးဘုရားတစ်ဆူဖြစ်သည့် ဆံတော်ရှင်ဘုရားပွဲအား နှစ်စဉ်ကျင်းပပြုလုပ်ခဲ့ရာမှ ယခုနှစ်တွင် ပွဲကျင်းပရန် အခြေအနေ မပေးသည့် အတွက် အထူးစိတ်မကောင်းဖြစ်မိကြောင်း၊ ရခိုင်ပြည်သူလူထုများကလည်း ကုသိုလ်ကောင်းမှု ပြုလုပ်ခွင့်မရသည့် အတွက် လွန်စွာစိတ်မကောင်းဖြစ်မိကြောင်း ပေါက်တောဒေသခံ တစ်ဦးက ပြောသည်။
ဆံတော်ရှင်ဘုရားသည် ပေါက်တောမြို့နယ် မြေငူကျွန်းရှိ နိလာပဗ္ဗတတောင်ပေါ်တွင် ကိန်းဝပ်နေသည့် သမိုင်းဝင် စေတီတော်တစ်ဆူဖြစ်ပြီး ဘုရားရှင်၏ ဆံတော်ဓာတ်ကို ဌာပနာထည့်သွင်းတည်ထားတော်မှုသည့် စေတီတော် တစ်ဆူဖြစ်ကြောင်းလည်း ရခိုင်သမိုင်းမှတ်တမ်းများအရ သိရသည်။
-----------------------------
Unicode: