ကြာသပတေး၊ ဧပြီလ ၁၈ရက်၊ ၂၀၂၄

ဒေါက်တာအေးမောင်ကို အမြန်ဆုံးပြန်လွှတ်ပေးရန် AFP ပါတီတောင်းဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ နိုဝင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 2k

မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ နိုဝင်ဘာ ၂ဝ / ၂ဝ၁၉

ထောင်ဒဏ် နှစ် ၂ဝ ချမှတ်ခံထားရသည့် ဒေါက်တာအေးမောင်၏ ကျန်းမာရေးနှင့် အသက်အန္တရာယ်ကို စိုးရိမ်၍ အမြန်ဆုံးပြန်လွှတ်ပေးရန် ရခိုင့်ဦးဆောင်ပါတီ (AFP)က ယနေ့ ကြေညာချက်တစ်စောင်ထုတ်ပြန် တောင်းဆို လိုက်သည်။

အမ်းမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်အား စာပေဟောပြောပွဲတွင် ဟောပြောခဲ့ရုံမျှဖြင့် ကြီးလေးသောပြစ်ဒဏ်ချမှတ်ထားခြင်းအားဖြင့် အမျိုးသားရင်ကြားစေ့ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးကြိုးပမ်းမှုများကို အနှောင့်အယှက်ဖြစ်စေသည့်အပြင် ယုံကြည်မှုပျက်ပြားစေပြီး တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို ထိခိုက်စေကြောင်း ရခိုင့်ဦးဆောင်ပါတီ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

"ဒေါက်တာအေးမောင်ကို ထောင်သွင်းအကျဉ်းချထားခြင်းအားဖြင့် နိုင်ငံတော်အတွက် အကျိုးနဲ့အပြစ်မှာဆိုလို့ရှိရင် အကျိုးဘက်မှာ အားနည်းတယ်။ အကျိုးဘက်မှာ အကျိုးယုတ်တယ်ပေါ့နော်။ ဒါကြောင့် ဒီအချိန်မှာ ဒေါက်တာအေးမောင်ကို ထုတ်သုံးသင့်တယ်ပေါ့ နိုင်ငံတော်အနေနဲ့။ ဒီ ငြိမ်းချမ်းရေး Process မှာသော်လည်းကောင်း၊ ဒီ အပြစ်အခတ်ရပ်စဲရေးကဏ္ဍတွေမှာသော်လည်းကောင်း၊ အဲလိုမျိုး ကျနော်တို့က တစ်စုံတရာသော အတိုင်းအတာအထိ သတိထားမိနိုင်အောင် တာဝန်ရှိပုဂ္ဂိုလ်တွေက ဆိုပြီးတော့ ကျနော်တို့က Statement ထုတ်ရခြင်းဖြစ်ပါတယ်။"ဟု ရခိုင့်ဦးဆောင်ပါတီ (AFP)၏ ဥက္ကဋ္ဌ ဦးခင်နုက နိရဥ္စရာကိုပြောသည်။

၎င်းပြင် ယခုအခါ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာမှ ဖိအားပေးမှုများ ပြင်းထန်နေချိန်တွင် ပြည်တွင်း ပြည်ပ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၌ ဒေါက်တာအေးမောင်အား ပါဝင် ဆောင်ရွက်ခွင့်ပေးခြင်းအားဖြင့် အတိုင်းအတာ တစ်ခုထိ အထောက်အပံ့ဖြစ်စေလိမ့်မည်ဟု ယုံကြည်သည့်အတွက် ဒေါက်တာအေးမောင်အား အမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်းဆိုရခြင်းဖြစ်သည်ဟု ဆိုသည်။

နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရသည့် ဒေါက်တာအေးမောင်တွင် ဆီးချိုးနှင့် သွေးတိုးရောဂါအခံရှိပြီး ကျန်းမာရေး ချို့ယွင်းမှုတစ်ခုခုနှင့်ကြုံလာလျှင် လုံလောက်သော ဆေးဝါးကုသမှုမျိုးကို ထောင်ထဲတွင်ရနိုင်မည့် အခြေအနေမရှိ၍ မိသားစုဝင်များအပါအဝင် ရခိုင်ပြည်သူများက ဒေါက်တာအေးမောင်၏ ကျန်းမာရေးနှင့် အသက်အန္တရာယ်ကို အထူးပင် စိုးရိမ်ပူပန်နေကြရသည်ဟုလည်း AFP ပါတီက ဆိုသည်။

"နှစ်ပေါင်းများစွာကြာတဲ့အခါကျတော့ လူတစ်ယောက်အနေနဲ့ ဘာပဲဖြစ်ဖြစ် စိတ်ပိုင်းဆိုင်ရာသော်လည်းကောင်း၊ ရုပ်ပိုင်းဆိုင်ရာအရသော်လည်းကောင်း သူ့မှာ ထိခိုက်နစ်နာမှုတွေရှိမှာလေ။ ရှိတဲ့အခါကျတော့ ကျန်းမာရေး ထိခိုက်လာမယ်။ ထိခိုက်တဲ့အခါကျတော့ လုံလောက်တဲ့ ကုသမှုကို ထောင်ထဲမှာ မရနိုင်ဘူးပေါ့။ ဒါကြောင့်မို့လို့ ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ သူ့အသက်အန္တရာယ်ဆိုတာ ဒီလိုမျိုး ကျနော်တို့က ဆက်စပ်ပြီးတော့ သုံးသပ်ပြီး ပြတာပါ။"ဟု AFP ပါတီ ဥက္ကဋ္ဌ ဦးခင်နုက ပြောသည်။

ဒေါက်တာအေးမောင်အား ထောင်ဒဏ်နှစ်ရှည်ချမှတ်မှုအပေါ် NLD အစိုးရက နှုတ်ဆိတ်နေသော်လည်း နိုဝင်ဘာလ ၃ ရက်နေ့တွင် ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးသွားသည့် ချင်းပြည်နယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကိုမူ အမြန်ဆုံးပြန်လွှတ်ပေးရန် ပြည်ထောင်စုလွှတ်တော်က အရေးကြီးအဆို တင်သွင်း တောင်းဆိုမှုရှိနေခြင်းမှာ မဖြစ်သင့်ဟုလည်း AFP ပါတီက ဆိုသည်။

"ဦးဝှေ့တင်းကျတော့ သူတို့ NLD လူဖြစ်နေတယ်လေ။ အဲဒီအခါကျတော့ သူတို့လူကိုထိတဲ့အခါကျတော့ ဒါက ဝိုင်းအာကြတာပေါ့ဗျာ။"ဟု AFP ပါတီ ဥက္ကဋ္ဌ ဦးခင်နုက ပြောသည်။

ဒေါက်တာအေးမောင်သည် ၂ဝ၁၈ ခုနှစ်၊ ဇန်နဝါရီလအတွင်းက ရသေ့တောင်မြို့တွင်ပြုလုပ်ခဲ့သည့် ရခိုင့်ဘုရင့်အချုပ် အခြာအာဏာကျဆုံးခြင်းဝမ်းနည်းအောက်မေ့ဖွယ်နေ့အထိမ်းအမှတ်စာပေဟောပြောပွဲတွင် တက်ရောက် ဟောပြောခဲ့မှုကြောင့် စာရေးဆရာဝေဟင်အောင်နှင့်အတူ နိုင်ငံတော်ပုန်ကန်မှုပုဒ်မနှင့် နိုင်ငံတော်အကြည်အညို ပျက်စေမှုပုဒ်မတို့ဖြင့် ပြီးခဲ့သည့်မတ်လ ၁၉ ရက်နေ့တွင် စစ်တွေခရိုင်တရားရုံး၏ ထောင်ဒဏ် နှစ် (၂ဝ)ချမှတ်ခြင်းကို ခံနေရခြင်းဖြစ်သည်။

လက်ရှိတွင် ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့သည် ရန်ကုန်မြို့ရှိ အင်းစိန်အကျဉ်းထောင်တွင် နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံနေကြရသည်ဟု သိရသည်။

ဒေါက်တာအေးမောင်သည် အမ်းမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး ယခင် ပထမအကြိမ် လွှတ်တော်သက်တမ်းတွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁)၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ဒုတိယ သမ္မတလောင်းအဖြစ် ယှဉ်ပြိုင်ရန် လွှတ်တော်က ရွေးချယ်ပေးခဲ့ဖူးသူ၊ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အဖွဲ့ဝင်၊ ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌလည်း  ဖြစ်ခဲ့သည်။

သူ ဖမ်းဆီးခံရပြီးနောက် အမှုရင်ဆိုင်နေရချိန်တွင် သူ့အား ထောက်ခံသူများက ရခိုင့်ဦးဆောင်ပါတီ (Arakan Front Party - AFP)ကိုဖွဲ့စည်းထူထောင်ကြရန် လမ်းညွှန်ပေးခဲ့သူလည်းဖြစ်သည်။

----------------------------

Unicode:
















ဆက်စပ် သတင်းများ