မာန်ယုကျော် (ရွှေ၀မြေ)
စစ်တွေ၊ နိုဝင်ဘာ ၂၁ / ၂၀၁၉
ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်များအတွက် တပ်မတော် (ကြည်း၊ ရေ၊ လေမိသားစု)က ကျပ်သိန်း ငါးထောင်ကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှတဆင့် လှူဒါန်းလိုက်ကြောင်း သိရသည်။
အဆိုပါလှူဒါန်းငွေများကို တပ်မတော်ဘက်မှ ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်က ဦးဆောင်ကာ နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးသို့ လာရောက်လှူဒါန်းခဲ့ခြင်းဖြစ်သည်ဟု ပြည်နယ်အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က နိရဥ္စရာကို ပြောသည်။
" ရည်ရွယ်ချက်ကတော့ သူတို့က စစ်ဘေးရှောင်တွေကို ကူညီထောက်ပံ့ပေးဖို့အတွက်ပေါ့လေ။ စီမံခန့်ခွဲပေးမယ့် ဟာက ဝန်ကြီးချုပ်လည်း မရှိသေးဘူးလေ။ ဝန်ကြီးချုပ်ရှိတဲ့အခါ ဝန်ကြီးချုပ်ရောက်တဲ့အခါမှ ဒီငွေကြေးတွေကို ဘယ်လို စီမံခန့်ခွဲပြီးတော့ ဘယ်လို ဟိုဟာဖြစ်မလဲဆိုတာတော့ အဲဒီအခါမှပဲ ပြောလို့ရမယ်။ အခုကတော့ ကျနော်တို့က လက်ခံထားလိုက်ရုံပဲရှိသေးတယ်လေ"ဟု ဝန်ကြီး ဦးဝင်းမြင့်က ပြောသည်။
ရခိုင်စစ်ဘေးဒုက္ခသည်များအား တပ်မတော်ဘက်က ယခုကဲ့သို့ ငွေကြေးလှူဒါန်းပေးမှုသည် ပထမဆုံး အကြိမ်ဖြစ်သည်။
လက်ရှိတွင် ၇ခိုင်ပြည်နယ်အတွင်း တစ်နှစ်နီးပါးကြာမြင့်နေပြီဖြစ်သည့် တိုက်ပွဲများကြောင့် စစ်ဘေးဒုက္ခသည် ၈ သောင်းကျော်ခန့်ရှိလာနေပြီဟု ရခိုင်အရပ်ဘက်အဖွဲ့အစည်းစာရင်းများအရ သိရသည်။
အဆိုပါစစ်ဘေးဒုက္ခသည်များကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့က တစ်ဦးလျှင် တစ်နေ့တာ စားစရိတ်အဖြစ် ကျပ် ၃၀၀ ထောက်ပံ့ပေးနေမှုအပေါ် ဝေဖန်မှုများလည်းရှိနေသည်။
၎င်းကျပ်ငွေ ၃၀၀ နှင့် အခြားအသုံးပစ္စည်းအချို့ကို အစိုးရက ထောက်ပံ့ပေးထားသော်လည်း လုံလောက်မှုမရှိဟု ဆိုကြသည်။