စိုးဇံအောင်
နိရဥ္စရာ၊နိုဝင်ဘာ ၂၂ / ၂၀၁၉
ဒုရဲအုပ်တစ်ဦး ဖမ်းဆီးခံရမှုနှင့် ပတ်သက်ပြီး ကျောက်တော်မြို့နယ်မှ ကားသမားတစ်ဦးကို ပုဏ္ဏားကျွန်းမြို့နယ် ရဲစခန်းတွင် ဖမ်းဆီးထားပြီး ပုဒ်မနှစ်ခုဖြင့် အမှုဖွင့် တရားစွဲဆိုထားသည်ဟု မိသားစုများက ပြောကြားသည်။
အမှုဖွင့်ခံထားရသူမှာ ကျောက်တော်မြို့နယ်၊ ပိုက်သည်ရပ်ကွက်မှ လိုင်းကားမောင်းသူ ကိုထွန်းရွှေ(၃ရ)နှစ် ဖြစ်သည်။
ကိုထွန်းရွှေအား အပေါက်၀ကျေးရွာ ရဲစခန်းမှ ဒုရဲအုပ်တစ်ဦးကို AA က ဖမ်းဆီးခဲ့ခြင်းနှင့် ပတ်သက်ပြီး တရားစွဲဆို ခံရခြင်းဖြစ်သည်ဟု ကိုထွန်းရွှေ၏ ဇနီးဖြစ်သူ မသန္တာဝင်းက နိရဥ္စရာသို့ပြောသည်။
“ဖမ်းသွားတာကတော့ ကျောက်တော်စခန်းမှာ။ သူအိမ်ပြန်လာတဲ့အချိန်မှာ ခေါ်ပြီးစစ်ဆေးတာ။ အဲဒါ သူ့မှာ အပြစ် မရှိရင် ပြန်လွှတ်မယ်လို့ အကြောင်းကြားတာ။ အကြောင်းကြားပြီးမှ သူ့ကို ကိုယ်ရေး အချက်အလက် တွေယူပြီးမှ အချိန်ဆွဲထားပြီးတော့ ပြန်မလွှတ်ဘူး။ ပုဒ်မက ၅၀(က)(ခ) နဲ့ ၅၂(က)။သူတို့ပြောတာကတော့ သတင်း ထိန်ချန်မှုလား။ အဲလိုပြောတယ်”ဟု သူမက ပြောသည်။
တရားစွဲဆိုခံထားရသူ ကိုထွန်းရွှေ၏ ကားတွင် လိုက်ပါလာသည့် ဒုရဲအုပ် မျိုးကိုကို ဆိုသူမှာ အရပ်ဝတ်နှင့် ဖြစ်သည့်အတွက် ဒုရဲအုပ်မှန်း မသိကြောင်း၊မိမိတို့ အနေဖြင့် မည်သည့်အဖွဲ့အစည်းနှင့်မျှ အဆက် အသွယ် မရှိကြောင်း၊ခရီးသည်သဘောဖြင့်သာ တင်ဆောင်သွားခဲ့ခြင်း ဖြစ်ကြောင်း မသန္တာဝင်းက ဆက်ပြောသည်။
“ကျွန်မတို့က ရိုးရိုးသားသားပဲ လုပ်ကိုင်စားသောက်နေတာ။သူတို့နဲ့ အဆက်သွယ်လည်း မရှိဘူး။သူတို့ကို လည်း ရဲမှန်းမသိဘူး။ပုံမှန်ပဲ ခရီးသည်အဖြစ်နဲ့ ခေါ်သွားတာပဲသိတာ။နောက်မှ အဲဒီ ၅၉၉ တပ်ရင်းက ပြော တဲ့အခါမှ သူက ဒုရဲအုပ်ဆိုတာ ကျွန်မတို့ သိရတာလေ။ကျွန်မတို့မှာ အပြစ်မရှိဘူး။ကျွန်မတို့ အခု စားဝတ်နေရေး လုံး၀အဆင်မပြေဘူး။ အဲဒါပြောချင်ပါတယ်”ဟု မသန္တာဝင်းက ဆက်ပြောသည်။
အောက်တိုဘာလ ၂၇ ရက်နေ့ မွန်းလွဲပိုင်းက အပေါက်၀ကျေးရွာမှ စစ်တွေသို့ လိုင်းကားဖြင့် လိုက်ပါလာသော ဒုရဲအုပ် မျိုးကိုကို(၃၄)နှစ်အား ပုဏ္ဏားကျွန်းမြို့နယ်၊ပန်းနီလာနှင့် ကြံခင်းကျေးရွာအကြားတွင် ရက္ခိုင့်တပ်တော် AA က ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
နိုဝင်ဘာလ ၁၁ ရက်နေ့တွင် AA က ထုတ်ပြန်သည့် ဖမ်းဆီးရမိထားသော စစ်ဖက်နှင့် သက်ဆိုင်သူ သုံ့ပန်းများကို ကြားဝင်စေ့စပ် ပေးသူရှိပါက အပြန်အလှန်လွှတ်ပေးရန် သဘောထားဆန္ဒရှိကြောင်း ထုတ်ပြန်ချက်တွင် ရွှေနဒီအမြန်ရေယာဉ်က ဖမ်းဆီးခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၆ ဦးအပြင် ဒုရဲအုပ် မျိုးကိုကို(ရွှေနဒီအမြန် ရေယာဉ်ကိစ္စနှင့် မသက်ဆိုင်)ဟု ပါရှိသည်။
ထိုကိစ္စနှင့် ပတ်သက်ပြီး ယာဉ်ပိုင်ရှင် ဦးထွန်းရွှေကို (ပ)၁၀၀/အကြမ်းဖက်မှု ပုဒ်မ ၅၀(က) (ခ)၊ထိန်ချန်မှု ၅၂(က)တို့ဖြင့် အမှုဖွင့်ထားပြီး ပုဏ္ဏားကျွန်းမြို့နယ်ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်း ထားကြောင်းသိရသည်။
ယင်းကိစ္စနှင့် ပတ်သက်ပြီး ပုဏ္ဏားကျွန်းမြို့နယ်ရဲစခန်းမှ တာဝန်ရှိသူသို့ ဆက်သွယ်မေးမြန်းရာ ”ရှိလား မသိဘူးဗျ။ကျွန်တော် မသိသေးဘူးဗျ။အပြင်ကိုရောက်နေတယ်”ဟု နိရဥ္စရာသို့ ပြောသည်။
ဦးထွန်းရွှေကို နိုဝင်ဘာ ၂၂ ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ် တရားရုံးတွင် ရုံးထုတ်ခဲ့ပြီး နိုဝင်ဘာ ၂၆ ရက်နေ့ကို ရုံးချိန်း၇မန် ပေးခဲ့ကြောင်း ၄င်း၏ ဇနီးက ပြောသည်။
-------------------------------
Unicode:
နိရဉ်စရာ၊နို၀ငျဘာ ၂၂ / ၂၀၁၉