ခိုင်လူလှ (ရိုးမမြေ)
စစ်တွေ၊ နိုဝင်ဘာ ၂၄/၂၀၁၉
၇ခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ မီး၀ကျေးရွာနှင့် မုန့်သန်းပြင်ကျေးရွာမှ ရွာသား ၆ ဦးအား တပ်မတော် စစ်ကြောင်း တစ်ခုက နိုဝင်ဘာ ၂၀ နေ့က ခေါ်ယူသွားခဲ့ပြီး ၅ ရက်ကြာလာသော်လည်း ရွာကို ပြန်မရောက်လာသဖြင့် မိသားစုများစိုးရိမ်နေကြသည်ဟု သတင်းရရှိသည်။
၎င်းတို့မှာ ကျောက်တော်မြို့နယ် မီး၀ကျေးရွာက ကျော်သန်း၊ ဦးရွှေနု၊ သန်းဦးလှိုင်နှင့် မုန့်သန်းပြင်ကျေးရွာက ညီညီအောင်နှင့် တစ်ခြား နှစ်ဦးတို့ ဖြစ်ကြောင်း သိ၇သည်။
မီး၀ကျေးရွာသားတစ်ဦးက “ခေါ်သွားတဲ့ လူတွေက မုန့်သန်းပြင်ကျေးရွာက ညီညီအောင်ဆိုသူနဲ့ ကျနော်တို့ မီး၀ကျေးရွာက ကျော်သန်း၊ ဦးရွှေနု၊ သန်းဦးလှိုင် အဲလောက်ဘဲ သိပါတယ်။ နောက်ထပ်နှစ်ယောက်နာမည်ကို မသိဘူး။ အခု အဆက်အသွယ်မရဘဲ ဖြစ်နေတဲ့ အတွက် မိသားစုတွေ စိုးရိမ်နေကြပါတယ်” ဟု ပြောသည်။
နောက်ဆုံးရရှိသော သတင်းအ၇ ၎င်းတို့ ၆ ဦးအား မီး၀ရွာမှ မိုင်ဝက်ခန့် ဝေးသည့် ကျော်ရီပြင်ကျေးရွာသို့ စစ်တပ်မှ ခေါ်ဆောင်သွားပြီး ဘုန်းတော်ကြီးကျောင်းတွင် ချုပ်နှောင်ထားကြောင်း ဆွေမျိုးတော်သူ တစ်ဦးက ပြောသည်။
“ အခု သူတို့ကို ကျော်ရီပြင်ရွာက ဘုန်းတော်ကြီးကျောင်းမှာ ထားပါတယ်။ သုံးယောက်ကိုတော့ ကျောင်းထဲမှာ ချည်ထားတယ်လို့ ပြောပါတယ်။ နောက်ထပ်သုံးယောက်ကိုတော့ ဒီအတိုင်းဘဲ ထားတယ်လို့ ပြောပါတယ်။ ကျွန်မရဲ့ အစ်ကိုဖြစ်သူ ဦးရွှေနု၊ ဦးသိန်းဦးလိူင်နဲ့ ညီညီအောင်တို့ကိုတော့ ဒီလို လွှတ်ထားတယ်။ မချည်ထားဘူးလို့ ပြောပါတယ်” ဟု ရွှေနု၏ ညီမဖြစ်သူက ပြောသည်။
ယခုကဲ့သို့ ပြန်မလွှတ်သဖြင့် မိသားစုများ အနေဖြင့် အထူးစိုးရိမ်နေကြောင်း သူမက ပြောသည်။
မီး၀ကျေးရွာသည် အိမ်ခြေ ၃၇၀ ကျော်ရှိပြီး ယခုကဲ့သို့ အခြေအနေများကြောင့် ဆောင်းပဲစိုက်ပျိုးရေး မလုပ်နိုင်ဘဲ ဖြစ်နေကြောင်း၊ နှမ်းလည်း မခုတ်နိုင်ကြောင်း၊ တောင်ယာက စပါးတွေလည်း မရိတ်ရကြောင်း၊ တောင်ယာတွင် အသီးအနှံများကိုလည်း မစိုက်ပျိုးရကြောင်း၊ ရွာသားများမှာ လွန်စွာ အခက်အခဲများဖြစ်နေကြောင်း ပြောဆိုသည်။
------------------------------
Unicode: