Preview

ရသေ့တောင်မြို့အနီး စစ်ရေယာဉ်တိုက်ခိုက်ခံရပြီးနောက် မယူကမ်းသို့ အမြောက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်နေ

နိုဝင်ဘာ ၂၅/ ၂၀၁၉ | ကြည့်ရှုသူ :10870
ရခိုင် သတင်း

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ နိုဝင်ဘာ ၂၅/ ၂၀၁၉

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့ အနီးရှိ မေယူမြစ်ထဲမှ ရေတပ်သင်္ဘောတစ်စီးအား ရက္ခိုင့်တပ်တော် (AA) မှ လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ပြီးနောက် စစ်ရေယာဉ်ပေါ်မှ  အမြောက်ကြီးများဖြင့် မယူကမ်းဘက်သို့ အချက်ပေါင်းများစွာ ပစ်ခတ်နေသဖြင့် ဒေသတစ်ခုလုံး အမြောက်သံ၊ သေနတ်သံများဖြင့် ဆူညံနေသည်ဟု ဒေသခံများက ပြောကြားသည်။

၎င်းပစ်ခတ်မှုကို ယနေ့ ည ၆ နာရီခန့်က စတင်ပြီး ပစ်ခတ်နေခြင်း ဖြစ်ကြောင်း၊ စစ်ရေယာဉ်ပေါ်မှ ပစ်ခတ်လိုက်သော အမြောက်ကျည်ဆံများမှာ မယူကမ်းရှိ ပြာပင်ရင်း၊ သာစည်၊ နတ်ချောင်း၊ ခွေးတောက်ချောင်း၊  ကျွန်းပေါ်ပေါက်တော၊ ခွဆုံ၊ ကညင်ချောင်း၊ မီးယေထောင့်၊ ရန်အောင်ပြင် အနီးဝန်းကျင်တို့တွင် ကျရောက် ပေါက်ကွဲကြောင်း ဒေသခံ တစ်ဦးက  ပြောကြားသည်။

“ ပစ်တာက အချက်ပေါင်းများစွာ ဖြစ်ပါတယ်။ မီးတန်းတွေကို မြင်ရတယ်။ မယူကမ်းတစ်ခုလုံးဆူညံနေပါတယ်။ အမြောက်သံတွေနဲ့ ဆူညံနေပါတယ်” ဟု ပြောကြားသည်။

ရသေ့တောင်မြို့ ဖောင်တော်မှလည်း ရေတပ်သင်္ဘောပေါ်မှ ပစ်ခတ်နေသော အမြောက်ကျည်ဆံ မီးတန်းကြီးကို မြင်ရကြောင်း၊ မူစဲကမ်း ရွှေလောင်းတင်မှလည်း မြင်ရကြောင်း၊ စေတီပြင်ကျေးရွာမှလည်း မီးတန်းကြီးများကို မြင်နေရသည်ဟု ပြောဆိုသည်။

၎င်းစစ်ရေယာဉ်ကို ယနေ့ ညနေ ၃ နာရီကျော်က ငလပြားချောင်းနှင့် ရသေ့တောင်ချောင်းအကြား မေယူမြစ်ထဲတွင် ရပ်နားထားစဉ် AA မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်ဟု ကြားသိရကြောင်း ဒေသခံများက ပြောကြားသည်။

၎င်းနောက်ပိုင်း စစ်ရေယာဉ်ပေါ်မှ အမြောက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ စစ်ရေယာဉ်သည် ၎င်းနေရာမှ ရသေ့တောင်မြို့ အနီးရှိ ခမ၇ ၅၃၇ အောက်မှ မယူမြစ်ထဲသို့ ခုတ်မောင်းလာပြီး ညနေ ၆ နာရီမှ စပြီး မေယူကမ်းရှိ ပြာပင်ရင်း၊ နတ်ချောင်းဘက်သို့ ၆ နာရီ မိနစ် ၄၀ ခန့်ထိ ပစ်ခတ်ခဲ့သည်ဟု ရသေ့တောင် ဒေသခံ တစ်ဦးက ပြောသည်။

ပြာပင်ရင်းရွာသို့ ဆက်သွယ်ရာ ရွာသားများမှာ ရွာထဲတွင် မရှိတော့ကြောင်း၊ ထွက်ပြေးသွားကြသည်မှာ ကြာပြီ ဖြစ်ကြောင်း၊ ပြာပင်ရင်းနှင့် နတ်ချောင်းကျေးရွာအနီးတွင် ကျရောက်ပေါက်ကွဲသည်ဟု ကြားသိရကြောင်း၊ အထိအခိုက် ရှိ/မရှိကို မသိရကြောင်း ရွာသား တစ်ဦးက ပြောကြားသည်။

-----------------------------------

Unicode:


နိရဉ်စရာ၊ နို၀ငျဘာ ၂၅/ ၂၀၁၉











#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.