Preview

မြောက်ဦးမြို့နယ် ကျောင်းတောင်တိုက်ပွဲပြင်းထန်၊ ရွာသားတစ်ဦးကျည်ထိမှန်ပြီး ဆေးရုံပို့ရ

နိုဝင်ဘာ ၂၇/ ၂၀၁၉ | ကြည့်ရှုသူ :1673
ရခိုင် သတင်း

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ နိုဝင်ဘာ ၂၇/၂၀၁၉

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ကျောင်းတောင်ကျေးရွာအနီးတိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး တပ်မတော်မှ ရဟတ်ယာဉ်ဖြင့်တိုက်ခိုက်ခဲ့သည်သာမက မြောက်ဦးနှင့် တောင်ဖြူတောင် အမြောက်စခန်းမှလည်း အမြောက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်ခဲ့သည်ဟုသတင်းရရှိသည်။

ကျောင်းတောင်ဒေသခံ တစ်ဦးက “ တိုက်ပွဲက ဒီကနေ့ မနက် ၆ နာရီကနေ စဖြစ်တာပါ။ ကျောင်းတောင်ရွာက ၂ ဖာလုံအကွာ ဝါးတောင်ကွင်းဆိုတဲ့ နေရာမှာ ဖြစ်ပါတယ်။ မွန်းလွဲ ၂ နာရီခွဲမှ ပစ်ခတ်မှုတွေ ရပ်သွားပါတယ်။ အဲဒီနောက်ပိုင်း ၂ နာရီခွဲ ၃ နာရီလောက်မှာ ရဟတ်ယာဉ် တစ်စီးနဲ့ လာရောက်ပစ်ခတ်ပါတယ်။ မိနစ် ၂၀၊ ၂၅ မိနစ်လောက်ပစ်ပြီး ရဟတ်ယာဉ် ပြန်သွားပါတယ်” ဟု ပြောကြားသည်။

မြောက်ဦးမြို့နယ် ကျောင်းတောင်ရွာတွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား နိုဝင်ဘာ ၂၆ ရက်နေ့ ညနေ ၄ နာရီမှ စတင်ပြီး တိုက်ပွဲဖြစ်ပွားခဲ့ပြီး ညဉ့်အချိန်တွင် ရပ်နားသွားခဲ့ကြောင်း၊ ယနေ့တွင်လည်း နံနက် ၆ နာရီမှ စတင်ပြီး ထပ်မံဖြစ်ပွားခဲ့သည်ဟု ၎င်းက ဆိုသည်။

ယနေ့တိုက်ပွဲမှာ အရမ်းပြင်းထန်ပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ် တိုက်ခိုက်ခဲ့ကြပြီး မြောက်ဦးမြို့နှင့် တောင်ဖြူတောင်မှ အမြောက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ပြောဆိုသည်။

တိုက်ပွဲအတွင်း ကျောင်းတောင်ရွာမှ အသက် ၃၅ နှစ်အရွယ် ဦးသိန်းထွန်းကျော် (ဘ) ဦးဘထွန်း၏ ပေါင်တွင် ကျည်ဆံထိမှန် ဒဏ်ရာရရှိခဲ့သည်ဟု သတင်းရရှိသည်။

မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က “ ရွာသားတစ်ဦး ဒဏ်ရာရပါတယ်။ နွားစားကျက်က အပြန်မှာ လက်နက်ငယ်ကျည်ဆံ ပေါင်ကို ထိမှန်သွားတာပါ။ အခု မြောက်ဦးဆေးရုံကို ရောက်ရှိနေပါတယ်” ဟု ပြောသည်။

အိမ်ခြေ ၆၁၆  ရှိသည့် ကျောင်းတောင်ကျေးရွာသားများမှာ တိုက်ပွဲကြောင့် ပန်းမြောင်းရွာသစ်ကျောင်း၊ ရွှေဖောင်တော်ကျောင်းနှင့် ရွှေကျင်ရွာဘက်သို့ ထွက်ပြေးခိုလုံသွားကြသည်ဟု ရွာသားများက ပြောသည်။

ကျောင်းတောင်ကျေးရွာအုပ်ချုပ်ရေးမှူးသို့ ဆက်သွယ်ရာ ၎င်းက “ ရွာမြောက်ဘက်အပိုင်းက မိသားစု ၂၀၀၊ လူပေါင်းဆိုရင် တစ်ထောင်လောက် ထွက်ပြေးသွားကြပါတယ်။ အဲဒီအပိုင်းက တိုက်ပွဲ ဖြစ်ပွားတဲ့နေရာနဲ့ နီးသလို  လက်နက်ကြီးကျည်တွေလည်း ရွာအနီးမှာကျတယ်လို့ ပြောပါတယ်။ ပီးရင် စစ်သားတွေရွာထဲကို ဝင်လာရင် တစ်ခုခု ဖြစ်မလားဆိုပြီး စိုးရိမ်ပြီး ထွက်ပြေးသွားကြတာပါ” ဟု ပြောကြားသည်။

----------------------------

Unicode:



နိရဉ်စရာ၊ နို၀ငျဘာ ၂၇/၂၀၁၉









#စစ်ပွဲ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.