ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ဖမ်းဆီးသွားသည့် ကျောက်ဖြူ ဒေသခံငါးဦးထဲမှ နှစ်ဦးပြန်လွတ်လာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ နိုဝင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 3.2k

စိုးဇံအောင်
နိရဥ္စရာ၊နိုဝင်ဘာ ၂၈ / ၂ဝ၁၉

ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့နယ်ဒေသခံ ၅ ဦးကို နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပြီး ယင်းအထဲမှ ၂ ဦးမှာပြန်လည်လွှတ်မြောက်လာသည်ဟု သတင်းရရှိသည်။

ဖမ်းဆီးခံခဲ့ရသူများမှာ ကျောက်ဖြူမြို့နယ်၊ကပ်သပြေကျေးရွာအုပ်စု၊ ပျားတဲကျေးရွာမှ ဦးလှသိန်း (ဘ) ဦးဝေကာဦး၊ ဦးမောင်ချမ်းခင် (ဘ)ဦးဖိုးချမ်းအောင်၊ ကိုစိုးလင်း (ဘ) ဦးစောနုမောင်၊ ကိုသိန်းဇော်နှင့် ဒေါ်ခင်နုမေတို့ ဖြစ်ကြပြီး  ပြန်လွှတ်လာသူ နှစ်ဦးမှာ ဦးမောင်ချမ်းခင်နှင့် ဒေါ်ခင်နုမေတို့ ဖြစ်ကြသည်။

၎င်းတို့နှစ်ဦးကို ယမန်နေ့ ညနေပိုင်းက ပြန်လည်လွတ်ပေးလိုက်သည်ဟု ကျောက်ဖြူမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဦးကျော်လွင်က နိရဥ္စရာသို့  အတည်ပြုပြောသည်။

 “ မနေ့က ဒေါ်ခင်နုမေကိုတော့ ဖမ်းသွားတယ်။ ညနေပိုင်းမှာ ပြန်လွှတ်လိုက်ပါတယ်။ ဒေါ်ခင်နုမေကို သူ့သားအစား ဖမ်းသွားခဲ့တာ။ ဦးမောင်ချမ်းခင်ကတော့ ဒီနေ့ မနက်ပိုင်းမှာ ပြန်လွှတ်လာတယ် ”ဟု ဦးကျော်လွင်က ပြောသည်။

ဖမ်းဆီးခံခဲ့ရသူများမှာ လူမှုကူညီရေးအဖွဲ့တစ်ခုဖြစ်သည့် ရက္ခိတအလင်းရောင်အဖွဲ့ဝင်များဖြစ်ပြီး  နှစ်စဉ် ကျင်းပသည့် တရားပွဲအတွက် အစည်းအဝေးပြုလုပ်ရန် လှုပ်ရှားဆောင်ရွက်နေစဉ် AA နှင့်ဆက်နွယ်သည်ဟု ဆိုကာ ရဲက လာရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုဒေသခံငါးဦးထဲမှ နှစ်ဦးမှာ ပြန်လည်လွတ်မြောက်လာသော်လည်း မလွတ်မြောက်ဘဲ ကျန်ရှိနေသည့် သုံးဦးအတွက် မိသားစုဝင်များက စိုးရိမ်နေကြောင်း နိရဥ္စရာသို့ ပြောသည်။

” ကျွန်မမောင်လေးက ဘာအပြစ်မှ မရှိဘဲ ဖမ်းဆီးသွားတာပါ။ သူက ဆိုင်ကယ်ပြင်ဆိုင်မှာလုပ်တယ်။ သူတို့ ခါတိုင်း နှစ်တွေလိုပဲ တရားပွဲလုပ်ဖို့အတွက် အစည်းအဝေးလုပ်ဖို့ လုပ်နေတာမှာ ဖမ်းသွားတာ။အိမ်နားမှာ လာဖမ်းသွားတာ။ ကျွန်မမောင်လေးကို ပြန်လွတ်စေချင်တယ်” ဟု ကိုစိုးလင်း၏ အစ်မ ဖြစ်သူက နိရဥ္စရာသို့ ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် စစ်ဦးစီး ပထမတန်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို ဆက်သွယ်မေးမြန်းရာ ပျားတဲကျေးရွာသား ငါးဦးကို ဖမ်းဆီးသည့်သတင်းမှာ မမှန်ကန်ကြောင်း ငြင်းဆိုသည်။

“အဲဒီဘက်မှာ ကျွန်တော်တို့ တပ်တွေကို မရှိဘူးဗျာ။အဲဒီဘက်မှာ ဟုတ်လား။ကျွန်တော် အခုနောက်ပိုင်း သိရတာ။AA အမာခံတွေ သူတို့နဲ့ အဆင်မပြေတဲ့သူတွေကို ဖမ်းဆီးခေါ်ဆောင်တာတွေ ဒါတွေပဲ ရှိတယ်။ အဲဒီဘက်မှာ ကျွန်တော်တို့ တပ်တော့ မရှိဘူး”ဟု နိရဥ္စရာကို ပြောသည်။

--------------------------------------


နိရဉ်စရာ၊နိုဝငျဘာ ၂၈ / ၂ဝ၁၉










ဆက်စပ် သတင်းများ