ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

တိုက်ပွဲကြောင့် ညောင်ကန်နှင့် စေတီတောင် ရွာလုံးကျွတ်ထွက်ပြေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ နိုဝင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 600

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ နိုဝင်ဘာ ၂၉/ ၂ဝ၁၉

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ စေတီတောင်ကျေးရွာတွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ နိုဝင်ဘာ ၂၇ ရက်နေ့ ညဉ့်အချိန်တွင် တိုက်ပွဲ ဖြစ်ပွားပြီးနောက် စေတီတောင်ကျေးရွာနှင့် အနီးအနားရှိ ညောင်ကန်ရွာသား များမှာ ရွာများကို စွန့်ခွာပြီး ထွက်ပြေးသွားကြသည်ဟု သတင်းရရှိသည်။

နိုဝင်ဘာ ၂၇ ရက်နေ့ ညဉ့် ၁နာရီ အချိန်က စက်လှေ နှစ်စီးဖြင့် စေတီတောင်ကျေးရွာသို့ ဆိပ်ကပ်လာသည့် တပ်မတော် စစ်ကြောင်း တစ်ခုကို AA မှ တိုက်ခိုက်ခဲ့သည်ဟု ဒေသခံများက ပြောသည်။ ၎င်းနောက်ပိုင်းတွင် သေနတ်သံများ အဆက်မပြတ် ထွက်ပေါ်လာသဖြင့် စေတီတောင်ကျေးရွာနှင့် ၎င်းကျေးရွာနှင့် မိုင်ဝက်ခန့်သာ ဝေးသည့် ညောင်ကန် ကျေးရွာသားများမှာ ကြောက်လန့် ထွက်ပြေးခဲ့ရသည်ဟု ရွာသားများက ပြောဆိုသည်။

“ ညောင်ကန်ရွာက အိမ်ခြေ ၄ဝဝ ကျော်၊ လူဦးရေ ၂ဝဝဝ ကျော်ရှိပါတယ်။ ညဉ့်အိပ်နေချိန် သေနတ်သံ စကြားရပါတယ်။ ဒါနဲ့  မနက်လင်းတာနဲ့ သက်ကြီးရွယ်အို ဆယ်ကိုးယောက်နဲ့ အသုဘဖြစ်နေတဲ့ မိသားစုက သုံးလေးယောက်ပဲ ရွာမှာ ကျန်ခဲ့ပါတယ်။ ကျန်တဲ့လူတွေ နီးစပ်ရာကို ထွက်ပြေးခဲ့ကြရပါတယ်” ဟု ညောင်ကန်ကျေးရွာသား တစ်ဦးက ပြောသည်။

လက်ရှိ သတင်းအရ အသုဘကို စောင့်ရန်ကျန်နေခဲ့သူ သားဖြစ်သူ ဦးမဲတုံး(၄ဝ) နှစ်နှင့် သူငယ်ချင်းဖြစ်သူ ကျော်ဝင်းစိန် (၄ဝ)ကျော် အရွယ်တို့ အပါအဝင် ရွာသား အချို့ကို စစ်တပ်က ဖမ်းဆီးထားသည်ဟု သတင်းရရှိကြောင်း ၎င်းက ပြောကြားသည်။  ၎င်းပြင် အိမ်များကိုဖောက်ခြင်း၊ ဆိုင်ခန်းများကို ဖောက်ထွင်းမှုများလည်း ရှိနေကြောင်း ဆက်လက် ပြောကြားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းအား ဆက်သွယ်မေးမြန်းရာ ညောင်ကန်နှင့် စေတီတောင်ကျေးရွာများတွင် လက်ရှိရွာထဲ ရွာသားအနည်းငယ်မှ အပ အားလုံးထွက်ပြေးသွားကြပြီ ဖြစ်သဖြင့် ၎င်းသတင်းများကို လက်ခံရရှိထားသော်လည်း အတည်မပြုနိုင်သေးကြောင်း ပြောကြားသည်။

“ ကျွန်တော်သိရတာက တပ်မတော်စစ်ကြောင်းတစ်ခုက ကမ်းထောင်းကြီးဘက်က ကျောက်စုပ်နေတဲ့ ဘုတ်နှစ်စီးကို ဖမ်းခေါ်ယူသွားတယ်ဆိုပြီး ရွာသားတွေက ပြောပါတယ်။ အဲဒီ ဘုတ်နှစ်စီးနဲ့ ဒီလ ၂၇ ရက်နေ့ ညဉ့် တစ်နာရီခန့်မှာ စေတီတောင်ရွာကို လာကပ်တော့ အဲဒီ စစ်ကြောင်းကို အေအေကနေ ဟွန်ဒါစက်လှေနဲ့ ပစ်ခတ်တယ်လို့ ကြားရတယ်။ ရွာသားတွေပြောတာ။ အဲဒီနောက်ပိုင်း တိုက်ပွဲ ဖြစ်တယ်လို့ ကြားတယ်။ စေတီတောင်ရော၊ ညောင်ကန်ကလူတွေရော အကုန်ထွက်ပြေးကြတယ်။ ရွာတွေမှာ အိမ်တွေကို ဝင်ရောက်ရှာဖွေမှုတွေ လုပ်တယ်။ ဖမ်းဆီးတာတွေလည်း ရှိနေတယ်ဆိုပြီး ကျွန်တော်ဆီကို ရွာကနေ ထွက်ပြေးလာကြသူ တစ်ချို့က သတင်းပို့ကြတယ်။ ကိုယ်တိုင် ကြုံနေရတဲ့ ရွာထဲက လူတွေ အပါအဝင် မျက်မြင်တွေနဲ့ အဆက်အသွယ် မရသေးတဲ့ အတွက် ကျွန်တော် မီဒီယာတွေကို မပြောသေးတာ ဖြစ်ပါတယ်။ လောလောဆယ် ဒီဖြစ်စဉ်တွေကို အတည်မပြုနိုင်သေးဘူး” ဟု ပြောကြားသည်။

စေတီတောင်ရွာတွင် အိမ်ခြေ ၈ဝကျော်ရှိကြောင်း၊ ရွာသားများမှာ အားလုံးထွက်ပြေးနေကြကြောင်း ကျေးရွာသား တစ်ဦးက ပြောဆိုသည်။

လက်ရှိ ညောင်ကန်နှင့် စေတီတောင်ကျေးရွာမှ ရွာသားများမှာ ကမ်းထောင်းကြီး စစ်ဘေးရှောင်စခန်းနှင့် သရက်တောင်၊ စိတ္တရကျေးရွာများတွင် ခိုလုံနေကြသည်ဟု သိရသည်။

-----------------------------

Unicode:



နိရဉ်စရာ၊ နိုဝငျဘာ ၂၉/ ၂ဝ၁၉







 

ဆက်စပ် သတင်းများ