အင်္ဂါ၊ ဧပြီလ ၂၃ရက်၊ ၂၀၂၄

ပလက်ဝမြို့နယ် ဒေသခံတစ်ဦး သေနတ်ပစ်ခံရပြီး ဆေးရုံတင်ရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ နိုဝင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 6.7k

ဆောင်းဇာခြည်
နိရဥ္စရာ၊ နိုဝင်ဘာ ၂၉ / ၂ဝ၁၉

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ နှမဒါကျေးရွာမှ ရွာသားတစ်ဦးကို စစ်တပ်က သေနတ်နှင့် ပစ်လိုက်၍ ဒဏ်ရာပြင်း ထန်ရရှိခဲ့သည့် အတွက် ကျောက်တော်ဆေးရုံတွင် ဆေးကုသမှုခံယူနေရသည်ဟု မိသားစုဝင်များက ပြောသည်။

နိုဝင်ဘာလ ၂၈ ရက်နေ့  နံနက် ၁၁ နာရီ အချိန်က ပလက်ဝမြို့နယ်၊ နှမဒါကျေးရွာမှ ဦးကျော်ကျော် (၃၈) နှစ်သည် ကျေးရွာသားတစ်ဦးနှင့်အတူ  ကျောက်တော်မြို့နယ် ခေါင်းတုတ်ကျေးရွာသို့ စက်လှေဖြင့် သစ်ရောင်းရန်သွားစဉ် တပ်မတော်မှ သေနတ်ဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဇနီးဖြစ်သူ ဒေါ်အေးဝင်းသိန်းက နိရဥ္စရာသို့  ပြောသည်။

“ စက်လှေကို သူတို့ လှမ်းပစ်တယ်။ ပြီးတော့ သူတို့ သေနတ်တွေနဲ့ ငါးယောက် ခြောက်ယောက်လောက် ဆင်းလာ ကြပါတယ်။ မင်းတို့ကို သတင်းလာထောက်တာထင်လို့ ပစ်တာလို့ ကျွန်မယောက်ျားတို့ကို ပြောပါတယ်။ အေအေ ထောက်လှမ်းရေးထင်တယ်လို့ ပစ်လိုက်ရတာလို့လည်း ပြောပါတယ်။ ခါတိုင်းဒီလိုဘဲ သစ်သွားရောင်းပါတယ်။ ခုလိုမျိုးမဖြစ်ဖူးပါဘူး”ဟု ဒေါ်အေးဝင်းသိန်းက ပြောသည်။

ထိုသို့ ပစ်ခတ်ခံရပြီး အတွက် ဦးကျော်ကျော်မှာ ပေါင်တွင် ကျည်ဆံထိမှန်ဒဏ်ရာတစ်ချက်၊ စအိုဝတွင် ကျည်ဆံ ထိမှန်ဒဏ်တစ်ချက် ရရှိခဲ့သည်ဟု သိရသည်။

“ သေနတ်နဲ့ လှမ်းပစ်ပြီးတော့ ခေါ်စစ်ဆေးတယ်။ သစ်သွားရောင်းတာ တကယ်ဆိုတာကို သူတို့သိတော့ ပြန်လွတ် ပေးလိုက်ပါတယ်။ ဒဏ်ရာကို ဆေးတွေ ထည့်ပေးလိုက်ကြပါတယ်။ ဆေးရုံကိုတော့ ချက်ချင်းမတင် လိုက်ရဘူး။ ညမထွက်ရ အမိန့်ရှိနေတော့။ ဒီနေ့ မနက် ၉ နာရီလောက်ကပဲ ကျောက်တော်ဆေးရုံကို ပို့လိုက်ရတယ်” ဟု ဦးကျော်ကျော်နှင့် အတူ စက်လှေတွင် ပါသော နှမဒါကျေးရွာသား တစ်ဦးက ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီးဝင်းဇော်ဦးအား နိရဥ္စရာမှ ဆက်သွယ်မေးမြန်းခဲ့ရာ ၄င်းအနေဖြင့် မကြားမိသေးကြောင်း ပြန်လည်ဖြေဆိုသည်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း ၂ဝ၁၉ ခုနှစ် နိုဝင်ဘာ ၉ ရက်နေ့မှစ၍ ညမထွက်ရအမိန့် ထုတ်ပြန်ထား သောကြောင့် ဦးကျော်ကျော်အား ဆေးရုံသို့ ညတွင်းချင်း မပို့ဆောင်နိုင်ခဲ့ဘဲ ယနေ့ နံနက် ၉ နာရီလောက်မှ ပို့ဆောင်နိုင်ခဲ့ကြောင်း သိရသည်။

------------------------

Unicode:



နိရဉ်စရာ၊ နိုဝငျဘာ ၂၉ / ၂ဝ၁၉








ဆက်စပ် သတင်းများ