စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

AA နှင့် စစ်ရေယာဉ်စု ကုလားတန်မြစ်အတွင်းတိုက်ပွဲဖြစ်၊ရွာသားတစ်ဦးဒဏ်ရာရ၊နေအိမ်သုံးလုံးပျက်စီး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ နိုဝင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 6k

သိန်းဇော်(မောင်တော)
စစ်တွေ၊ နိုဝင်ဘာ ၂၉/၂ဝ၁၉

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ လမုတပင်ကျေးရွာအနီးတွင် ယနေ့ နေ့လယ်က ရက္ခိုင့်တပ်တော် (AA) က ကုလားတန်မြစ်အထက်ပိုင်းသို့ တက်လာသည့် ရေတပ် စစ်ရေယာဉ် အုပ်စုတစ်ခုကို လက်နက်ကြီးဖြင့် ပစ်ခတ်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ကာ ကျေးရွာသားတစ်ဦး လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၃ လုံးလည်း ပျက်စီးသွားခဲ့သည်ဟု သတင်းရရှိသည်။

လက်နက်ကြီးကျည်စထိမှန် ဒဏ်ရာရရှိသွားသူမှာ လမုတပင်ကျေးရွာမှ ဦးမောင်ဘညွန့် (၇၆) ဖြစ်ကြောင်း သိရသည်။

လမုတပင်ကျေးရွာ ကျောင်းထိုင်ဆရာတော်က“ နေဗီက ပစ်လိုက်တဲ့ လက်နက်ကြီးကျည်က ကျောင်းနားမှာ ရှိတဲ့ ဝါးရုံဘေးမှာ ကျကွဲတယ်။ ကွဲတော့လက်နက်ကြီးကျည်အစက လူကိုလာထိသွားတာပါ။ နေဗီ ၇ စီးတောင်ပါတယ်။ ကျောက်တော်ဘက်ကို တက်တာ။ ဒီရွာက လူတွေပြောတာက အေအေဘက်က တစ်ချက်နှစ်ချက် လက်နက်ကြီးနဲ့ ပစ်တယ်လို့တော့ပြောပါတယ်။ အတိအကျတော့မသိဘူး” ဟု မိန့်ကြား သည်။

ဦးမောင်ဘညွန့်တွင် ညာဖက်နောက်ကျောနှင့် လက်ချိုင့်ကြားတွင် လက်နက်ကြီးကျည်စထိမှန်ပြီး  ဒဏ်ရာပြင်းထန်စွာ ရရှိသွားကြောင်း၊ ထိုသို့ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားသည့်အတွက် လူနာအား ကျောက်တော်ဆေးရုံသို့ ယူဆောင်သွားကြောင်း ဆရာတော်က မိန့်ကြားသည်။

၎င်းပစ်ခတ်မှုမှာ ယနေ့နေ့လယ် ၁ နာရီ ၄ဝ မိနစ်ခန့်က ကုလားတန်မြစ်ကြောင်းအတိုင်း ကျောက်တော်ဘက်သို့ တက်လာသည့် စစ်ရေယာဉ် ၇ စီးနှင့် ရက္ခိုင့်တပ်တော်( AA) တို့အကြား လမုတပင်ကျေးရွာအနီးတွင် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ရေယာဉ်များပေါ်မှ လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်ခဲ့ကြောင်း လမုတပင် ကျေးရွာသားတစ်ဦးက နိရဥ္စရာ သတင်းဌာနသို့ ပြောဆိုသည်။

ဆက်လက်ပြီး ဒုက္ကံချောင်း ကျေးရွာသားတစ်ဦးကလည်း တပ်မတော် ရေယာဉ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျည်များ ကျေးရွာအတွင်းကျရောက်ပေါက်ကွဲပြီး မကွဲဘဲ သစ်ပင်ပေါ်တွင်တင်နေသည့် လက်နက်ကြီးကျည် တစ်လုံးလည်း ရှိနေကြောင်း၊ စစ်ရေယာဉ်များမှာ  ကုလားတန်မြစ်ကြောင်းအတိုင်း လက်နက်ကြီးများ အဆက်မပြတ် ပစ်ခတ်ပြီး ကျောက်တော်ဘက်သို့ တက်သွားကြောင်း ပြောဆိုသည်။

 “ရေတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည်တွေက ရွာကလူတွေအထိအခိုက်တော့မရှိဘူး။ ရွာထဲကအပင်တွေမှာ ကျတယ်။ ဘုန်းတော်ကြီးကျောင်းမှာ ကျတယ်။  ၃ လုံးလောက်ကျပြီးကွဲပါတယ်။ ရွာထဲက မောင်အေးသန်းဆိုတဲ့လူ အိမ်မှာတစ်လုံးကျပြီး ဖုန်းတလုံးကွဲသွားတယ်။ ကျောင်းဆရာမ မအေးစောအိမ်မှာလည်း ကျပါတယ်။ နောက်ပြီးတော့ သစ်ပင်ပေါ်မှာ မကွဲဘဲတစ်လုံးရှိပါသေးတယ်” ဟု ပြောသည်။

ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ပြောရေးဆိုခွင့်ရှိသူ ပထမတန်းစစ်ဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးသို့ နိရဥ္စရာ သတင်းဌာနမှ ယနေ့ ညနေ ၃ နာရီ ၁၃ မိနစ်က ဆက်သွယ်မေးမြန်းခဲ့ရာ ၄င်းက ထိုသတင်းအား မကြားရသေးကြောင်း ပြန်လည်ဖြေကြားသည်။

ထိုသို့ပစ်ခတ်မှုများ ဖြစ်ပွားခဲ့မှုကြောင့် ဒေသခံကျေးရွာသားများမှာ ကြောက်လန့်ပြီး ထွက်ပြေးနေကြသည်ဟု  ဒေသခံ ကျေးရွာသားများက ပြောသည်။

-------------------------------

Unicode:












ဆက်စပ် သတင်းများ