ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

မြောက်ဦးသပြေကန်ကျေးရွာမှ ခေါ်ဆောင်သွားသူနှစ်ဦးပြန်ရောက်မလာသေး၍ မိသားစုများစိုးရိမ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ နိုဝင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 7.6k

ခိုင်လူလှ (ရိုးမမြေ)
စစ်တွေ၊ နိုဝင်ဘာ ၃ဝ/၂ဝ၁၉

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ သပြေကန် ကျေးရွာအနီးတွင် တိုက်ပွဲ ဖြစ်ပွားပြီးနောက် ယမန်နေ့နံနက်က စစ်တပ်မှ ခေါ်ဆောင်သွားသူ နှစ်ဦး ပြန်ရောက်မလာသဖြင့် မိသားစုများ အထူးစိုးရိမ်နေကြသည်ဟု ရွာသားများက ပြောဆိုသည်။

ခေါ်ဆောင်ခံရသူ နှစ်ဦးမှာ သပြေကန် ကျေးရွာမှ အသက် ၆ဝ ကျော် အရွယ် ဦးဆိတ်ဖားချေနှင့် နောက်တစ်ဦးမှာ သံထည်အပျက်၊ ဘက်ထရီအိုးအပျက်များ ဝယ်ယူနေသူ ဖြစ်ကြောင်း သပြေကန်ကျေးရွာ လူကြီး တစ်ဦးက ပြောကြားသည်။

“ ဦးဆိတ်ဖားချေက ပြောရရင် အရက်သမား၊ အရက်သောက်ပြီး ရွာဦးက ဆိုင်မှာ မူးပြီးအိပ်နေရာကနေ ခေါ်သွားတယ်လို့ သိရပါတယ်။ နောက်တစ်ဦးက သံထည်ပျက်၊ ဘက်ထရီအိုးအပျက်တွေကို ဝယ်နေသူပါ။ နာမည်တော့ မရပါ။ မင်းပြားဘက်ကလို့ သိရပါတယ်။ သူတို့နှစ်ဦးကို မနေ့ မနက် ၈ နာရီ အချိန်လောက်မှာ ခေါ်သွားတာပါ။ ဒီကနေ့ မနက် ၉ နာရီထိ ပြန်မရောက်လာသေးပါဘူး။ မိသားစုတွေကတော့ စိုးရိမ်နေကြပါတယ်” ဟု ပြောကြားသည်။

ဦးဆိတ်ဖားချေမှာ ဇနီးနှင့် သားသမီးမရှိကြောင်း၊ သံထည်အပျက်၊ ဘက်ထရီအိုးအပျက်များဝယ်သူ၏ ဆိုင်ကယ်ကိုလည်း ဖြိုဖျက်ပစ်ပြီး ရေအင်းတစ်ခုနားတွင် သွပ်ပြားများဖုံးကာတွေ့ရှိရကြောင်း၊ သူတို့နှစ်ဦးကို စစ်ကြောင်းရှေ့မှထားကာ လင်းမြွေတောင်အနီးရှိ မကျည်းကုန်းစခန်းသို့ ခေါ်ဆောင်သွားသည်ကို မြင်ရသည်ဟု ဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်အား ယနေ့ နံနက်က ဆက်သွယ်မေးမြန်းရာ ဦးဆိတ်ဖားချေနှင့် နောက်ထပ် သံဆိုးများ ဝယ်ယူသူ တစ်ဦးတို့ကို စစ်တပ်က ခေါ်ဆောင်သွားသည်ဟု ကျေးရွာသားများ၏ သတင်းပေးပို့ချက်အရ သိရကြောင်း ပြောကြားသည်။

ယမန်နေ့  (နိုဝင်ဘာ ၂၉ ရက်) နံနက် ၇ နာရီခွဲခန့်က မြောက်ဦးမြို့နယ်၊ သပြေကန်ကျေးရွာအရှေ့ဘက် ပေ ၁ဝဝဝခန့် အကွာ စစ်တွေ- ရန်ကုန်ကားလမ်း (အာရှလမ်းမကြီး) ပေါ်တွင် ၎င်းတပ်မတော် စစ်ကြောင်း မိုင်းဖောက်ခွဲ တိုက်ခိုက်ခံခဲ့ရပြီးနောက် စစ်ကြောင်းရွာအနီးမှ ဖြတ်သွားစဉ် ၎င်းလူနှစ်ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်သည်ဟု သိရသည်။

---------------------------------------

Unicode:










ဆက်စပ် သတင်းများ