ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ နိုဝင်ဘာ ၃၀/ ၂၀၁၉
ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ် နေရာ နှစ်ခုတွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား ယနေ့ နံနက် ၉ နာရီခန့်က စတင် တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ၉ နာရီ ၂၅ မိနစ်က စစ်ရဟတ်ယာဉ် နှစ်စီးဖြင့် ပစ်ကူတိုက်ခိုက်ကြောင်း သတင်းရရှိသည်။
မြေပုံမြို့နယ် စညင်းဒေသခံ တစ်ဦးက “ တိုက်ပွဲဖြစ်ပွားတာ နေရာ ၂ခုပါ။ တစ်နေရာက အင်းကြမ်းနဲ့ ဟင်းခရော်ကြား၊ ဂြင်းချောင်းဆိုတဲ့နေရာ၊ စစ်တွေ- ရန်ကုန်ကားလမ်းပေါ်မှာဖြစ်တာပါ။ အမ်းကလာရင် (၄၁) မိုင်နေရာပါ။ နောက်တစ်နေရာက ကျွန်တော်တို့ စညင်းရွာနဲ့ ဆတ်၇အကြား (၃၀) မိုင်နေရာ ကားလမ်းတွေပေါ်မှာ ဖြစ်တယ်လို့ သိရပါတယ်။ တစ်ပြိုင်တည်း ဖြစ်တာပါ။ တိုက်ပွဲကတော့ အပြင်းအထန်လို့ ကျွန်တော်တို့ ကြားသိ၇ပါတယ်။ လက်နက်သံတွေ ဆူညံနေပါတယ်။ နောက် ၉ နာရီ ၂၅ မိနစ်မှာ အမ်းဘက်လာတဲ့ စစ်ရဟတ် ယာဉ်နှစ်စီးနဲ့ စတင်ပစ်ခတ်ပါတယ်” ဟု ပြောကြားသည်။
ရဟတ်ယာဉ် နှစ်စီးဖြင့် ချောင်းကြော၊ တောင်နှစ်လုံးကျော်၊ ဆတ်ရ အနီးဝန်းကျင် နေရာများကို ၁၅ မိနစ်၊ ၂၀ မိနစ်ခန့် တိုက်ခိုက်ပြီးနောက် ပြန်သွားကာ နံနက် ၁၁ နာရီခန့်တွင် နောက်ထပ် ရဟတ်ယာဉ် တစ်စီးဖြင့် လာရောက်ပစ်ခတ်နေသည်ဟု သူက ဆိုသည်။
“ အဲဒီ တိုက်ပွဲ ဖြစ်ပွားနေတဲ့ နေရာမှာ ရွာသားတွေ စပါးရိတ်နေကြတာ ရှိတယ်။ သူတို့အတွက် စိုးရိမ်ရပါတယ်။ ဘယ်လို ဖြစ်နေတယ်ဆိုတာကို သတင်း မကြားရသေးဘူး။ လူတွေကို စစ်ဆေးလို့ မရသေးဘူး။ ရွာတွေကိုလည်း အဝင်အထွက် မလုပ်ဖို့ ပိတ်ထားတယ်။ ကျွန်တော်တို့ စညင်းရွာကတော့ ထွက်ပြေးတာ မရှိသေးဘူး။ ရွာထဲမှာဘဲ ပုန်းနေကြပါတယ်” ဟု ပြောကြားသည်။
တိုက်ပွဲ ဖြစ်ပွားရာ အနီးဝန်းကျင်တွင် ဆတ်ရ၊ လီပင်၊ အင်းကြမ်း၊ ဟင်းခရော်၊ စညင်း ရွာများ တည်ရှိပြီး စညင်းရွာတွင် အိမ်ခြေ ၁၈၀ ရှိပြီး လူဦး ၁၀၀၀ ခန့်ရှိကြောင်း သိရသည်။
မြေပုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဖြစ်၊ ရခိုင်ပြည်နယ် ဒုတိယ လွှတ်တော် ဥက္ကဋ္ဌလည်း ဖြစ်သည့် ဦးမြန်သန်းအား ဆက်သွယ်ရာ စညင်းကျေးရွာအနီး ဝန်းကျင်တွင် တိုက်ပွဲ ဖြစ်ပွားနေခြင်းမှာ မှန်ကန်ပြီး ရဟတ်ယာဉ်များဖြင့် လာရောက်တိုက်ခိုက်နေကြောင်း ပြောကြားသည်။
“ ကျွန်တော့်ကို ရွာသားတွေ ဖုန်းဆက် အကြောင်းကြားပါတယ်။ စညင်း၊ ဟင်းခရော်၊ အင်းကြမ်းရွာဘက်မှာ တိုက်ပွဲ ဖြစ်နေတယ်။ တပ်ဘက်က ၇ဟတ်ယာဉ်နှစ်စီးနဲ့ လာပစ်တယ်လို့လည်း ပြောတယ်။ ၉ နာရီလောက်က စတာ ၁၁ နာရီခွဲထိ သေနတ်သံတွေကြားနေရတုန်းဘဲလို့ ပြောပါတယ်” ဟု ဦးမြသန်းက ပြောဆိုသည်။
တိုက်ပွဲမှ သေနတ်သံများအပြင် ရဟတ်ယာဉ်များမှ ပစ်ခတ်သံများကြောင်း အနီးအနားရှိ ကျေးရွာသားများ အထူးစိုးရိမ် ထိတ်လန့်နေကြသည်ဟု သတင်းရရှိသည်။
--------------------------------
Unicode:
နိရဉ်စရာ၊ နို၀ငျဘာ ၃၀/ ၂၀၁၉