စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

ရာမောင်တံတား မြစ်ကူးဇက်သင်္ဘောမလုံလောက်၍ ကားများပိတ်ဆို့နေသည်မှာ ၅ ရက်ခန့်ရှိနေပြီဖြစ်၊ ခရီးသည်များအထူးဒုက္ခရောက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ နိုဝင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 9.9k

နောင်ခိုင်အောင်
နိရဥ္စရာ၊ ၃ဝ/၂ဝ၁၉

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ စစ်တွေ- ရန်ကုန် ကားလမ်းပေါ်ရှိ ရာမောင်တံတား မြစ်ကူးနေရာတွင် ဇက်သင်္ဘောများ မလုံလောက် သဖြင့် ခရီးသည်တင်ကားများအပါအဝင် အခြားကုန်တင် ကားကြီး ၂ဝဝ ကျော်ခန့် ပိတ်ဆို့နေပြီး ခရီးသွားပြည်သူများ အထူးဒုက္ခရောက်နေကြသည်ဟု သတင်းရရှိသည်။

“ ဇက်သင်္ဘောက ၄ စီးရှိတယ်။ တစ်စီးက ပြင်နေတယ်။ ဇက်သင်္ဘောကြီး တစ်စီးက  ဒီရေနဲ့ ကိုက်ပြီးမှ ကမ်းကို ကပ်ရတာ အဆင်ပြေတယ်။ နောက်တစ်စီးက ဘာဖြစ်နေတယ်မသိဘူး။ ဇက်သင်္ဘောတစ်စီးနဲ့ဘဲ ကူးနေရတယ်။ အဲသလောက် လူသွား လူလာများတဲ့ လမ်းမှာ ဇက်သင်္ဘောတစ်စီးနဲ့ ဘဲ ဟိုဘက်ကမ်း ဒီဘက်ကမ်း ပို့ဆောင်ရတော့ ကားတွေပိတ်ဆို့ကုန်တာပေါ့။ အခု ရာမောင်မြစ် ဟိုဘက်ကမ်းမှာ ကားကြီး၊ ကားသေး ၂ဝဝ ကျော်လောက် တန်းစီ စောင့်နေရတယ်။ ခရီးသွားပြည်သူတွေ အထူးဒုက္ခရောက်နေကြတယ်။ တာဝန်ရှိသူ ဘယ်သူမှ လာရောက် ဖြေရှင်းပေးတာ မရှိဘူး” ဟု ကားဂိတ်မှူး တစ်ဦးက ပြောသည်။

ယခုကဲ့သို့ ကားများ တန်းစီစောင့်နေရသည်မှာ လေးငါးရက်ခန့်ရှိနေပြီ ဖြစ်ကြောင်း၊ သို့အတွက် ခရီးသွား ပြည်သူများမှာ အထူးဒုက္ခရောက်နေကြရကြောင်း၊ ၎င်းအပြင် စစ်တွေ အပါအဝင် မြောက်ဦး၊ မင်းပြား၊ ကျောက်တော်တို့မှ ရန်ကုန်သွားမည့်သူများမှာလည်း ကားလက်မှတ်ဝယ်ထားပြီး ခရီးသည်ဘတ်စ်ကားများ ရောက်မလာသဖြင့် စောင့်နေကြရသဖြင့် အထူး အခက်အခဲများနှင့် ရင်ဆိုင်နေကြရသည်ဟု ၎င်းက ပြောကြားသည်။ 

၎င်းရာမောင်တံတား မြစ်ကူးဇက်ကူးတို့ကို ဦးမော်ကုမ္ပဏီနှင့် ခိုင်ရာဇာထွန်းကုမ္ပဏီတို့မှ ပူးပေါင်း ပြေးဆွဲနေခြင်း ဖြစ်ပြီး (၁၂) ဘီးနှင့် အထက် ကုန်တင်ယာဉ်နှင့် ဆီသယ်ယာဉ် တစ်စီးကို ၃ သောင်းကျပ်၊ (၈) ဘီး၊ (၁ဝ) ဘီး ကုန်တင်ယာဉ်နှင့် ဆီသယ်ယာဉ် တစ်စီးကို ၂၅ဝဝဝ ကျပ်၊ (၆) ဘီး ကုန်တင်ယာဉ် တစ်စီးကို ၂၂ဝဝဝ ကျပ်၊ ခရီးသည် Express (လူ+ကုန်) ၂ဝဝဝဝ ကျပ်၊ ခရီးသည် Express လူစီးသီးသန့် ၁၃ဝဝဝ ကျပ်၊ Mini bus လူစီးကားကြီး ၈ဝဝဝ ကျပ်နှင့် Diner, Canter (၁၂’၊ ၁၄’)  ၄လုံးထိုနှင့် Tipper (လူ+ကုန်) ၆ဝဝဝ ကောက်ခံကြောင်း သိရသည်။

ရွှေပြည်သစ် ခရီးသည်နှင့်ကုန်စည်ပို့ဆောင်ရေးလုပ်ငန်း ဂိတ်မှူး ဦးကိုမိုးက “ တစ်ရက်မှာ ယာဉ်အစီး နှစ်ရာငါးဆယ်၊ သုံးရာလောက်ရှိတယ်။ ဒီကားတွေကို တစ်ရက်တည်းနဲ့ ပြတ်အောင်မကူးနိုင်ဘူး။ နောက်တစ်ခုက ဇာက် ကူးတဲ့အခါ စည်းကမ်းလုပ်ထားတယ်။ လူစီးကားပထမ၊ ကုန်စိမ်းဒုတိယ၊ ကုန်စုံတတိယ အဲလိုလုပ်ထားတယ်။ အခုက အဲလို အစီအစဉ်မဟုတ်ပဲနဲ့ အစီအစဉ် လွဲချော်နေတယ်။ သူဦး သူသွား၊ ကိုယ်ဦးကိုယ်သွားဆိုတော့ အကုန်လုံး ပြသာနာ တက်နေတယ်”  ဟု ပြောသည်။

ရခိုင်ပြည်နယ်မှ အရေးပါသည့် ရာမောင်တံတားကို ကြံ့ခိုင်မှု အားနည်းသဖြင့် ပြန်လည် တည်ဆောက်ရန် ပြင်ဆင်နေပြီး ၎င်းမြစ်ကို ဇက်သင်္ဘောများဖြင့် ပို့ဆောင်ပေးနေခြင်း ဖြစ်သည်။ 

ဇက်ကူးရေယာဉ်များသည် လက်ရှိအချိန်တွင် သတ်မှတ်ချက်များအတိုင်း အသုံးပြု လုပ်ဆောင်ပေးမှု ပျက်ကွက်သောကြောင့် ခရီးသွားကားများနှင့် အခြား ကုန်တင်ကားတို့သည် ရာမောင်တံတား အနီးတွင် ရက်ရှည်ကြာ ရပ်နားစောင့်ဆိုင်နေရကြောင်း ယာဉ်ပိုင်ရှင်နှင့် ယာဉ်မောင်များက ပြောသည်။

ယခုကဲ့သို့ ကားယာဉ်တန်းများ ပိတ်ဆို့မှုဖြစ်နေသည်မှာ တစ်ပတ်နီးပါးကြာမြင့်နေပြီဖြစ်ကြောင်း၊ ဇက်ရေယာဉ် လုပ်ငန်းရှင်များနဲ့ ပြည်နယ်အစိုးရအနေဖြင့် အမြန်ဆုံး ဆောင်ရွက်ပေးစေလိုကြောင်း ယာဉ်ပိုင်လုပ်ငန်းရှင်များက ပြောသည်။

“ကားတွေကို လက်မှတ်တွေရောင်းထားတယ်။ အဲဒီကားက စစ်တွေကနေပြန်ထွက်ရမှာ ထွက်ရမဲ့အချိန်မှာ ကားကအချိန်မှန်မရောက်နိုင်တော့ ခရီးစဉ်တွေကို ဖျက်ရပါတယ်။ ဖျက်ရတော့ ခရီးသည်တွေလည်း ဒုက္ခရောက်တယ်။ ကားလုပ်ငန်းကလည်း လည်ပတ်မှုမရှိတော့ဘူး” ဟု စစ်တွေရန်ကုန် ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်း ဂိတ်မှူး ဦးဝင်းနိုင်က ဆက်လက် ပြောဆိုသည်။

ဇက်ကူးရေယာဉ်လုပ်ငန်းရှင်များအပါအဝင် ပြည်နယ်အစိုးရနှင့် ခရီးသည်နှင့်ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်တို့ ဆွေးဆုံဆွေးနွေးပြီး ဇက်ကူးရေယာဉ်များကို အလုံအလောက်အသုံးပြုပေးဖို့ သဘောတူညီချက်ရထားသော်လည်း လက်ရှိတွင် ဇက်ရေယာဉ်အသေးတစ်စီးကိုသာ အသုံးပြုနေကြောင်း သူကဆက်ပြောသည်။

“အရင်တစ်ခါ ဒီလိုပြဿနာဖြစ်တုန်းကလည်း အစိုးရအဖွဲ့တွေရောအကုန်လုံး တိုင်ပင်ထားပါတယ်။ သူတို့က တစ်ရက်ကို ဇက်နှစ်စီး သုံးစီးနဲ့ ကူးပေးမယ်လို့ပြောတယ်။ ဒါပေမယ့် အခုလက်ရှိဖြစ်နေတာက ကားသုံးစီး လေးစီးဆန့်တဲ့ ဇက်တစ်စီးပဲ ကူးပေးတယ်။ အဲဒါကို ဇက်ကိုလေလံအောင်တဲ့လူမှာရော အစိုးရအဖွဲ့မှာရော တာဝန်ရှိတယ်လို့ ကျနော်တို့မြင်ပါတယ်။” ဟု ဂိတ်မှူး ဦးဝင်းနိုင်က ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ လျှပ်စစ်၊စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံသို့ ဆက်သွယ် မေးမြန်းရာ  လက်ရှိအသုံးပြုနေသည် ဇက်ရေယာဉ်များဖြင့် မလုံလောက်ပါက တိုးချဲ့ထားပေးရန် အစီအစဉ်ရှိကြောင်း ပြောဆိုသည်။

“အဲဒီမှာ အသုံးပြုနေတဲ့ ဇက်ရေယာဉ်တွေနဲ့ ရေရှည်အဆင်မပြေရင်တော့ ကျနော်တို့ ဇက်တိုးမှာပေါ့နော်။ ဒါပေမယ့် အခါအားလျှော်စွာ တခါတခါ စုပုံပြီး ရောက်လာတတ်တာလည်း ရှိပါတယ်။ သို့သော် ရက်ကြာရှည်ကြာရင်တော့ ကျနော်တို့ အဆင်ပြေအောင်လုပ်ပေးရမှာပေါ့။ ဆိုတော့ အဲဒါကိုပဲ ကျနော်တို့ ကုန်းလမ်းပို့ဆောင်ရေးနဲ့ ညှိနေပါတယ်။ ဇက်ပျက်နေတဲ့အတွက် အစားထိုးပေးနိုင်အောင်ပေါ့ ” ဟု လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံက ပြောသည်။

ယခုကဲ့သို့ ခရီးကြန့်ကြာမှုကြောင့် ငွေအပိုပါမလာသည့် အချို့ခရီးသည်များသည် ထမင်းငတ်သည် အထိ ဖြစ်ကြကြောင်း စစ်တွေနှင့်မန္တလေးကို ကုန်ကားမောင်နေသည့် ယာဉ်မောင်း ကိုဇေယျာဝင်းက ပြောသည်း

ရခိုင်ပြည်နယ်အတွင်းမှာ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ညမထွက်ရအမိန့်ထုတ်ထားသည့် မြို့နယ် ၆ မြို့နယ်ထဲတွင် ကျောက်တော်၊ မြောက်ဦး၊ ၊ ဘူးသီးတောင်၊ ရသေ့တောင်နှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့နင့် အတူ မင်းပြားမြို့နယ်လည်း ပါဝင်သဖြင့်  ရာမောင်တံတားအနီး ကားများ ညအိပ်ရသည်မှာ လုံခြုံရေးအရ အထူးစိုးရိမ်စရာ ဖြစ်နေသည်ဟု ခရီးသွား ပြည်သူများက ပြောကြားသည်။

----------------------------

Unicode:

 
နိရဉ်စရာ၊ ၃ဝ/၂ဝ၁၉
















ဆက်စပ် သတင်းများ