သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ရခိုင်စစ်ရှောင်များအတွက် ကျပ် ၁ ဒသမ၈ဘီလီယံကျော် ထောက်ပံ့ထားပြီဟု လူ/ကယ်ပြန် ဝန်ကြီးပြောဆိုသော်လည်း လက်တွေ့တွင် အကူအညီမရှိသလောက်ဖြစ်နေဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ ဒီဇင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 10.1k

နီမင်းထွန်း
နိရဥ္စရာ ၊ ဒီဇင်ဘာလ ၃ /၂ဝ၁၉

ရခိုင်ပြည်နယ်တွင် လက်တလောဖြစ်ပွားနေသော ပဋိပက္ခအတွင်း စစ်ဘေးရှောင်ဒုက္ခသည်များကို အစိုးရက ကျပ် ၁ ဒသမ ၈ ဘီလီယံကျော် ကူညီ ထောက်ပံ့ပေးပြီးသွားပြီဟု လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောဆိုသော်လည်း လက်တွေ့တွင် ကူညီမှု မရှိသလောက်ဖြစ်နေသည်ဟု ဒုက္ခသည် စခန်းတာဝန်ခံများက ပြောသည်။

စစ်တွေမြို့ရှိ ဦးဥတ္တမပန်းခြံတွင် ဒီဇင်ဘာလ ၂ ရက်နေ့ကပြုလုပ်သည့် နေရပ်စွန့် ခွာသူများ ပြန်လည် နေရာ ချထားရေးနှင့် ယာယီစခန်းများပိတ်သိမ်းရေဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ ရှင်းလင်းဆွေးနွေးပွဲတွင် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပဋိပက္ခအတွင်း စစ်ဘေးရှောင်ဒုက္ခသည်များကို အစိုးရက ကျပ် ၁ ဒသမ ၈ ဘီလီယံကျော် ကူညီ ထောက်ပံ့ပေးပြီးထားပြီဟု ပြောဆိုသွားခဲ့သည်။

မြောက်ဦးမြို့နယ်ရှိ တိမ်ညိုစစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးစိုးနိုင်က “အစိုးရက ထောက်ပံ့တာ ကျနော်တို့ စခန်းမှာ တစ်ကြိမ်ပဲရပါတယ်။ ကျနော်တို့ တိမ်ညိုစခန်းကိုတော့ လစဉ်ရောက်တာမရှိဘူး။ ပိုက်ဆံက အိမ်ထောင်စု ၆ဝဝ ကျော် လောက်ကို အိမ်ထောင်စုအလိုက် တစ်ယောက်ကို ပိုက်ဆံ ၃ဝဝ နှုန်းနဲ့ တစ်လစာ တစ်ကြိမ်ပေးတယ်။ ၁ဝ လ ပိုင်းလောက်မှာ ဆန်တစ်လစာ တစ်ယောက်ကို နို့ဆီဘူး ၂ ဘူး နှုန်းနဲ့လာထောက်ပံ့တာ ဒါပဲရှိပါတယ်”ဟု နိရဥ္စရာ သတင်းဌာနပြောသည်။

ရှင်းလင်းပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက "ကျနော်တို့ စခန်းကိုရောက်ရင် ဝေတယ်၊ ပေးတယ်။ ရခိုင်နဲ့ ပတ်သက်လို့ လတ်တလော ပဋိပက္ခမှာ လစဉ်မပြက် ထောက်ပံ့မှုတွေပေးပါတယ်။ ရောက်အောင်လည်း ကြိုးစားနေကြတယ် ပြောပါတယ်။ ကျနော်တို့ ထောက်ပံမှုတွေဆက်တိုက်ပေးနေတယ်ဆိုတာကို အစိုးရအနေနဲ့ အသိပေးပါတယ်။ အားလုံးပေါင်းရင် ၁.၈ ဘီလီယံကျော်ဖြစ်သွားပါပြီ။ ကျပ်သိန်းပေါင်း တစ်သောင်း ရှစ်ထောင်ကျော် ဖြစ်ပါတယ်”ဟု ပြောဆိုခဲ့သည်။

ရခိုင်ပြည်နယ်တွင် စစ်ဘေးရှောင်ဒုက္ခသည်ဦးရေ တဖြည်းဖြည်းမြင့်တက်လာပြီး သူတို့၏ စားဝတ်နေရေးများ အခက်အခဲဖြစ်နေကြောင်း လူမှုအဖွဲ့အစည်းများမှ သိရသည်။

ရခိုင်ပြည်နယ်တွင် အစိုးရ၏ နောက်ဆုံးစာရင်းအရ စစ်ဘေးဒုက္ခသည်အရေအတွက် ၃ သောင်းရှစ်ထောင်ကျော် ရှိသည်ဟုဖော်ပြထားသော်လည်း ရခိုင်လူမှုအဖွဲ့အစည်းတစ်ခုဖြစ်သည့် ရခိုင်တိုင်းရင်းသား မျိုးနွယ်များ အစည်းအရုံး (REC) စာရင်းအရ လက်ရှိ ရခိုင်တွင် စစ်ဘေးဒုက္ခသည်အရေအတွက် ၉ သောင်းကျော်ရှိနေပြီဟု ပြောသည်။

ရခိုင်တိုင်းရင်းသား မျိုးနွယ်များ အစည်းအရုံး(REC)မှ အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက “ကျနော်တို့ ကို အစိုးရဝန်ထမ်းတွေ ပြောတာကတော့ စစ်ဘေးဒုက္ခသည်တွေကို ကူညီဖို့ ရန်ပုံငွေဘယ်လောက်ရထားပါပြီ။ ဘယ်လောက်သုံးစွဲထားပါပြီဆိုတာပဲ ကြားနေရတယ်။ အောက်ခြေမှာကျတော့ လိုအပ်ချက်တွေအများကြီးပဲ။ အစိုးရရဲ့ ပံ့ပိုးကူညီမှုကို ကြည့်မယ်ဆိုရင် ဆန်တစ်မျိုးတည်းကိုပဲ တစ်နေ့ကို ကျပ် ၃ဝဝ စာ ဒါတစ်ခုပဲ ပုံမှန် ထောက်ပံ့ပေးနေတာတွေ့ရတယ်။ အစိုးရရဲ့ထောက်ပံ့မှုတွေက စစ်ဘေး ဒုက္ခသည်တွေကိုလုံလောက်မှုမရှိဘူး ဆိုတာကိုတွေ့ရတယ် ”ဟု နိရဥ္စရာသတင်းဌာနကိုပြောသည်။

ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလမှစတင်ကာ တိုက်ပွဲများစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်ထိလည်း တိုက်ပွဲအရှိန်မြင့်တက်နေမှုကြောင့် စစ်ဘေးဒုက္ခသည်အရေအတွက်သည်လည်း ပိုမိုမြင့်တက်လျက်ရှိသည်။

-------------------------------------

Unicode:


နိရဉ်စရာ ၊ ဒီဇငျဘာလ ၃ /၂ဝ၁၉









ဆက်စပ် သတင်းများ