ဆောင်းဇာခြည်
နိရဥ္စရာ၊ ဒီဇင်ဘာ ၃ / ၂၀၁၉
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ပေါ် အလယ်ဈေးရပ်ကွက် ချင်းပျံတောကျေးရွာတွင် ဒီဇင်ဘာ ၂ ရက်နေ့က လက်နက်ကြီးကျည်ပေါက်ကွဲ၍ သေဆုံးသူ ၃ ဦးအား ယနေ့တွင် မြောက်ဦး သင်္ချိုင်းတွင် သင်္ဂြိုလ်ခဲ့ကြောင်း သိ၇သည်။
သေဆုံးသွားသူများမှာ ဦးကျော်စိုးနိုင်၏ သား မောင်ဇော်လင်းထက် (၃) နှစ်၊ မောင်ဇော်လင်းထက်၏မိခင် ဒေါ်နုနုဝင်း (၂၄) နှစ်နှင့် ဦးမင်းမင်းထွန်း၏ သမီး မပေါက်စမ (၁) နှစ်တို့ဖြစ်ပြီး ၄င်းတို့အား ယနေ့ ဒီဇင်ဘာလ ၃ ရက်နေ့ ညနေ ၃ နာရီခန့်က မြောက်ဦး သင်္ချိုင်းတွင် ဂူသွင်း သင်္ဂြိုလ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
“ကျွန်တော့်မှာ သားရော၊ ဇနီးရော ဆုံးသွားတာပါ။ သားလည်း ဒီတစ်ယောက်ပဲ ရှိတာပါ။ ကျွန်တော့်လို မဖြစ်ပါစေနဲ့လို့ ကျွန်တော်ဆုတောင်းပါတယ်။ အရမ်းဝမ်းနည်းပါတယ်။ အခု သင်္ဂြိုလ်ပြီးပါပြီ ”ဟု သေဆုံးသွားသူ မောင်ဇော်လင်းထက်၏ ဖခင်လည်းဖြစ်၊ ဒေါ်နုနုဝင်း၏အမျိုးသားလည်းဖြစ်သည့် ဦးကျော်စိုးနိုင်က နိရဥ္စရာသို့ ပြောသည်။
သေဆုံးသူ မနုနုဝင်းမှာ မြောက်ဦးဆေးရုံတွင် သေဆုံးခဲ့ခြင်းဖြစ်ပြီး မောင်ဇော်လင်းထက်နှင့် မပေါက်စမတို့မှာ ပေါက်ကွဲမှုဖြစ်သည့်နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဆေးရုံကိုရောက်လို့ ဆေးတစ်ပုလင်းသွင်းတာတောင် မကုန်သေးဘူး ကျွန်တော့် သမီးလေးဆုံးသွားပါတယ်။ မြေးလေးကတော့ ပွဲချင်းပြီးဆုံးသွားခဲ့တာပါ။ အပြင်ကို သွားမယ်ဆိုပြီးသွားတာ။ ခဏနေတော့ ပေါက်ကွဲ သံကြားပါတယ်။ ပေါက်ကွဲသံက နေ့တိုင်းကြားနေရတာဆိုပြီး သွားမကြည့်ခဲ့ဘူး။ ခဏနေတော့ ကျွန်တော့်ကို လူတွေလာခေါ်လို့ သိရတာပါ။ အခုလေးတင်ပဲ သင်္ဂြိုလ်ပြီးပါပြီ ” ဟု သေဆုံးသွားသည့် ဒေါ်နုနုဝင်း၏ဖခင်ဖြစ်သူ ဦးလှမောင်သာက နိရဥ္စရာသို့ ပြောသည်။
အဆိုပါ လက်နက်ကြီးကျည် ပေါက်ကွဲမှုနှင့် ပတ်သက်ပြီး ဘီလူးကန် ရာအိမ်မှူးသို့ ဆက်သွယ်ရာ မည်သို့ မည်ပုံ ပေါက်ကွဲသည်ကို မသိရသေးကြောင်း၊ ပေါက်ကွဲသည်မှာ ဒေါ်စောသာနုအိမ်တွင် ဖြစ်ကြောင်း၊ပေါက်ကွဲမှုနှင့် ပတ်သက်ပြီး အမျိုးမျိုး ပြောဆိုနေကြကြောင်း၊ လက်နက်ကြီးကျည်ကျ၍ ပေါက်မှန်း၊ အိမ်ထဲမှ ပေါက်မှန်း မသိရဘဲ ဖြစ်နေကြောင်း၊ သူ၏ ခယ်မဖြစ်သူက ပေါက်ကွဲစဉ် အနီးအနားတွင် ရှိနေပြီး ရှူးဆိုသည့် အသံကို ကြားရပြီး ဝုန်းကနဲ ပေါက်ကွဲခြင်းဖြစ်သည်ဟု ပြောဆိုကြောင်း၊ ယင်းနေရာ သွေးအိုင်ထဲတွင် လူများလဲနေသည်ကို သူမလည်း တွေ့ရ၍ ချက်ချင်း ပြေးလာကြောင်း၊ သေဆုံးသွားသူ နုနုဝင်းမှာ အဲဒီအိမ်မျက်စိကို အစူးထွင်ရန်သွားခြင်းဖြစ်ကြောင်း၊ မျက်လုံးများထွက်သွားကြောင်း၊ မြေကြီးထဲတွင်အနည်းငယ်နက်သည့် တွင်းအရာတစ်ခုရှိကြောင်း၊ နုနုဝင်း၏သားဖြစ်သူ ဇော်လင်းထက်က နာရေးကားရောက်သည်နှင့် အသက်ထွက်သွားကြောင်း၊ ဒေါ်စောသာနု သမီး ဘုမတွင် ခြေထောက်ပိုင်းသွားကြောင်း၊ ဘုမ၏ သမီးတွင် အအူများထွက်ပြီး ပွဲချင်းပြီး သေဆုံးကြောင်း၊ စောသာနုလည်း ဒဏ်ရာ၇ကြောင်း၊ စောသာနုသား ၁၅ နှစ်အရွယ် သားတွင်လည်း ခြေထောက်တွင် အနာရရှိသွားကြောင်း၊ အိမ်တွင် လေးဦးရှိရာတွင် လေးယောက် စလုံးဒဏ်ရာရကြောင်း ပြောကြားသည်။
ယနေ့နံနက်က စစ်တပ်နှင့်ရဲမှ ၎င်းနေအိမ်သို့ဝင်ရောက်ရှာဖွေမှုများ ပြုလုပ်ခဲ့သည်ဟု ပြောဆိုသည်။
ယမန်နေ့ကပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ဒဏ်ရာရရှိသူ ၄ ဦးမှာ လက်ရှိတွင် မြောက်ဦးဆေးရုံ၌ ဆေးကုသမှု ခံယူလျက်ရှိကြောင်း၊ သိ၇သည်။
----------------------------
Unicode:
နိရဉ်စရာ၊ ဒီဇငျဘာ ၃ / ၂၀၁၉