သိန်းဇော်(မောင်တော)
စစ်တွေ၊ ဒီဇင်ဘာ၃/၂၀၁၉
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့၊ မဟာကံကြီးသျှင်ဘုရားပရိဝုဏ်ထဲတွင် နိုဝင်ဘာ ၂၈ ရက်နေ့မှ စတင်ပြီး စစ်ကြောင်းတစ်ခု ဝင်ရောက် နေရာယူလာသဖြင့် ဘုရားပရိဝုဏ်ထဲ ဖွင့်လှစ်ထားသည့် မေတ္တာဥယာဉ်ပညာဒါန ပရဟိတကျောင်းမှ တက္ကသိုလ်ဝင်တန်း စားမေးပွဲဖြေဆိုမည့် ကျောင်းသားကျောင်းသူများ ပညာသင်ကြားရန် အခက်တွေ့နေရသဖြင့် ၎င်းစစ်ကြောင်းအား တစ်ခြားနေရာသို့ ပြောင်းရွှေ့ပေးရန် ကျောင်းထိုင်ဆရာတော် ဦးနန္ဒာစာရက မေတ္တာရပ်ခံလိုက်သည်။
“ စစ်ကြောင်းတစ်ခု မဟာကံကြီးသျှင်ဘုရားပရိဝုဏ်ထဲ ဝင်ရောက်နေရာယူတာက နိုဝင်ဘာ ၂၈ ရက်နေ့က ဖြစ်တယ်။ အဲသလို ဝင်ရောက် နေရာယူလာတဲ့ အတွက် နိုဝင်ဘာ ၂၉ ရက်နေ့ကနေ ဒီနေ့ထိ စာမသင်ကြရဘဲ ဖြစ်နေတယ်။ ကျောင်းသားတွေလည်း ကြောက်နေသလို ဆရာ ဆရာမတွေလည်း မလာကြတော့ဘူး။ ဒီအတွက် ကလေးတွေရဲ့ ပညာရေး ထိခိုက်နေတယ်” ဟု ကျောင်းထိုင်ဆရာတော် ဦးနန္ဒာစာ၇က ပြောသည်။
၎င်းစစ်ကြောင်းသည် ဒီဇင်ဘာ ၂ ရက်နေ့ ညဉ့်အချိန် ကျောင်းထဲက ထွက်ခွာသွားခဲ့သဖြင့် ယနေ့ နံနက်တွင် စတင် စာသင်ကြားရန် စီစဉ်နေစဉ် ယနေ့ နံနက် ၁၁ နာရီက နောက်ထပ် စစ်ကြောင်း တစ်ခု ထပ်ရောက်လာသဖြင့် စာသင်ကြားမည့် အစီအစဉ်မှာ ပျက်သွားခဲ့ရသည်ဟု ဆိုသည်။
“ ကျောင်းသားတွေ စာမသင်၇တာ ၅ ရက်ရှိနေပြီ။ ဒါကြောင်း အခု ရောက်နေတဲ့ စစ်တပ်က တာဝန်ရှိသူတွေကို မေတ္တာရပ်ခံတော့ သူတို့ ခုလို ကျောင်းဖွင့်ထားတာကိုမသိလို့ ဝင်ရောက်လာတာလို့ ပြောတယ်။ မနက်ဖြန်တော့ တစ်ခြားနေရာကို ရွှေ့ပေးမယ်လို့ ပြောပါတယ်” ဟု ဆရာတော်က ပြောသည်။
ယခင်ဝင်ရောက် နေရာယူခဲ့သည့် စစ်ကြောင်းကို မေတ္တာရပ်ခံရာတွင် အထက်က အမိန့်ကြောင့် ဝင်ရောက် နေရာယူရခြင်း ဖြစ်ကြောင်း ပြောဆိုပြီး ဘုရားပရိဝုဏ်ထဲတွင် ၅ ရက်တိတိ နေထိုင်သွားခဲ့သည်ဟု ဆိုသည်။
မေတ္တာဥယာဉ်ပညာဒါန ပရဟိတကျောင်းတွင် ရခိုင်ပြည်အနယ်နယ်အရပ်ရပ်မှ ဆင်းရဲနွမ်းပါးသည့် မိသားစုများမှ ကျောင်းမထားပေးနိုင်သည့် ကျောင်းသားဦးရေ (၁၅၁) လက်ခံ ပညာသင်ပေးနေသောကျောင်းဖြစ်ကြောင်း၊ လက်ရှိတွင် ကျောင်းသားမိဘများကလည်း စိုးရိမ်ပြီး ၄င်းတို့သားသမီးများအား ပြန်လည်ခေါ်ယူရန် တောင်းဆိုမှု များလည်းရှိနေကြောင်း ဆရာတော်က မိန့်ကြားသည်။
မေတ္တာဥယာဉ်ပညာဒါန ပရဟိတကျောင်းမှာ ကျေးဇူးရှင် ကမ္ဘာ့သာသနာပြု အဓိဋ္ဌာန်ဆရာတော်ကြီး၏ မေတ္တာရိပ်ကိုခိုလှုံလျှက် ဖွင့်လှစ်ထားသော ကျောင်းတစ်ကျောင်းလည်း ဖြစ်ကြောင်း သိ၇သည်။
ကျောက်တော်မြို့ဒေသခံ ပရဟိတကျောင်းမှ ကော်မတီဝင်တစ်ဦးက ကံကြီးသျှင်ဘုရားကျောင်း၌ စစ်တပ် ရောက်ရှိနေမှုကြောင့် ကျောင်းသူလေးများ ညအလေးအပေါ့ သွားရန်တောင် အပြင်မထွက်ရဲ ဖြစ်နေကြကြောင်း၊ ဆရာတော်မှာလည်း နေမကောင်းဖြစ်နေသည့် အတွက် ဆေးကုသရန် ရန်ကုန်သို့ ရောက်ရှိနေကြောင်း၊ ထိုသို့စိုးရိမ်မှုများရှိနေသည့် အတွက် ညဉ့်အချိန် ကျောင်းသား ကျောင်းသူများမှာ လုံခြုံမှု မရှိသလို ခံစားနေကြ၇ကြောင်း ပြောကြားသည်။
--------------------------
Unicode: