သိန်းဇော်(မောင်တော)
စစ်တွေ၊ ဒီဇင်ဘာ ၄/၂၀၁၉
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့၊ လမ်းမတော်တွင် ရခိုင်လူ့အခွင့်အရေး ကာကွယ်မြင့်တင်သူများအဖွဲ့၏ ရုံးခွဲတစ်ခုကို ဒီဇင်ဘာ ၁ ရက်နေ့က ဖွင့်လှစ်ခဲ့သည်ဟု သတင်းရရှိသည်။
“ပြည်သူတွေ လူ့အခွင့်အရေးကို ပိုမိုသိရှိနားလည်လာဖို့နဲ့ ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့အတွက် ရည်ရွယ်ပြီး ဖွင့်လှစ်တာဖြစ်ပါတယ်” ဟု ရခိုင်လူ့အခွင့်အရေး ကာကွယ်မြင့်တင်သူများအဖွဲ့မှ ကာကွယ်ရေးတာဝန်ခံ အထက်တန်းရှေ့နေ ဦးဇော်ဇော်မင်းက ပြောသည်။
ယခုကဲ့သို့ ကျောက်တော်မြို့နယ်တွင် လူ့အခွင့်အရေးရုံး တစ်ခု ဖွင့်လှစ်နိုင်သဖြင့် ရခိုင်လူ့အခွင့်အရေး ကာကွယ် မြင့်တင်သူများအဖွဲ့၏ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အတိုင်းအတာတစ်ခုထိ တိုးတက်လာမည်ဟု ယုံကြည်ကြောင်း ၎င်းက ပြောဆိုသည်။
“ လူ့အခွင့်အရေးချိုးဖောက်ခံရတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ကျနော်တို့ဆီကို အကူအညီတောင်းခံလို့ရသလို မူဝါဒအရ လိုအပ်လာလို့ရှိရင် လူ့အခွင့်ရေးကော်မရှင်ကို ဆက်လက်တိုင်ကြားတာတို့၊ တရားဥပဒေအရ ဆောင်ရွက် တာတို့၊ အမှုတွေကို လွဲပြောင်းတာတို့ စတဲ့ လုပ်ငန်းတွေကို ကျနော်တို့ အနေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာပါ” ဟု ဆက်လက်ပြောဆိုသည်။
ရခိုင်ပြည်နယ်အတွင်း လက်ရှိ စစ်ပွဲကာလအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အများအပြားရှိနေပြီး ထိုအထဲတွင် ကျောက်တော်မြို့နယ်လည်း ပါဝင်ကြောင်း၊ လက်ရှိကာလတွင်လည်း ကျောက်တော်မြို့နယ်နှင့် တစ်ခြားမြို့နယ်များတွင် ဖြစ်ပေါ်နေသည့် လူ့အခွင့်အရေးကိစ္စများ ကူညီဆောင်ရွက်ပေးနေကြောင်း ၎င်းက ပြောဆိုသည်။
“ ကျောက်တော်မှာ ခုလို ရုံးခွဲတစ်ခု ဖွင့်လိုက်နိုင်တဲ့အတွက် နိုင်ငံရေးပါတီတွေ၊ CSO တွေနဲ့ ပြည်သူတွေ အနေနဲ့လည်း လူ့အခွင့်အရေး ချိုးဖောက်ခံရတာတွေနဲ့ပတ်သက်လာရင် ပိုမို ပူးပေါင်းလုပ်ကိုင်လာနိုင်မှာဖြစ်ပါတယ်။ အဖွဲ့အစည်း အနေနဲ့လည်း ယခင်ကထက် ပိုပြီး အားကောင်းကောင်းနဲ့ လုပ်လာနိုင်လိမ့်မယ်လို့ မျှော်လင့် ထားပါတယ်” ဟု ဆိုသည်။
ရခိုင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပွားနေသည့် လက်နက်ကိုင် အဖွဲ့နှစ်ဖွဲ့တို့၏ ပဋိပက္ခ ဖြစ်ပွားမှု၌ အပြစ်မဲ့ဒေသခံ ပြည်သူများအား မတရားဖမ်းဆီးခြင်း၊ ချုပ်နှောင်ခြင်း၊ သတ်ဖြတ်ခံနေရခြင်း ဖြစ်ပေါ်နေသည့် အတွက် ထိုရုံးကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ယင်းအဖွဲ့၏ ဒါရိုက်တာ ဦးမြတ်ထွန်းက ပြောသည်။
“ပြည်သူတွေက စစ်ရာဇဝတ်မှုကျူးလွန်တာတွေ တခြားလူ့အခွင့်အရေးချိုးဖောက်မှုတွေကိုခံနေရတယ်။ အဲဒါကို ပြည်သူတွေက ဘယ်ကိုသွားလို့ သွားတိုင်ရမှန်းမသိ ဖြစ်နေကြတယ်။ အခုလို ရခိုင်လူ့အခွင့်အရေးကာကွယ် မြင့်တင်သူများအဖွဲ့ကျောက်တော်ရုံး(ခွဲ)တစ်ခု ဖြစ်လိုက်တာက သူတို့အနေနဲ့ အားကိုးအားထားတစ်ခု ဖြစ်တယ်။ ကျနော်တို့အဖွဲ့ကလည်း အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေငြာစာတမ်း အပိုဒ် (၃၀) နဲ့ပတ်သက်လို့ လူ့အခွင့်အရေး ချိုးဖောက်မှုများ ဖြစ်လာလို့ရှိရင် ဥပဒေဘောင်အတွင်းက ထိထိရောက်ရောက် ဆောင်ရွက် ပေးနိုင်ပါတယ်” ဟု ဦးမြတ်ထွန်းက ပြောသည်။
ယင်းရုံးကို ကျောက်တော်မြို့နယ် လမ်းမတော်ကျေးရွာအုပ်စု ပိန္နဲချောင်းကျေးရွာတွင် ဒီဇင်ဘာလ ၁ ရက် နံနက်ပိုင်း ၉နာရီခန့် စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။
ရုံးဖွင့်ပွဲသို့ ရခိုင်အမျိုးသားပါတီ (ANP)၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)၊ ရခိုင်အမျိုးသမီးများကွန်ရက်၊ မြိုအမျိုးသား ပါတီ၊ ရခိုင်ပြည်တိုင်းရင်းသားတောင်သူလယ်သမားသမဂ္ဂ၊ ရက္ခရင်သွီးဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်း၊ မှုခင်းရှုထောင့် မြောက်ဦးသတင်းထောက်၊ ဒေသခံကျေးရွားသားများ အပါအဝင် လူပေါင်း(၅၀)ခန့် တက်ရောက်ခဲ့ကြောင်း သိ၇သည်။
---------------------------
Unicode: