သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ICJ ၌ အမှုရင်ဆိုင်ဖြေရှင်းမည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့ကို ထောက်ခံပွဲ ရမ်းဗြဲတွင် ပြုလုပ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ ဒီဇင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 8.6k

စိုးဇံအောင်
နိရဥ္စရာ ၊ ဒီဇင်ဘာ ၄/၂ဝ၁၉

ကုလသမဂ္ဂ၏ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင် အမှုသွားရောက် ရင်ဆိုင်ရမည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ထောက်ခံသည့် ထောက်ခံပွဲတစ်ခုအား ယနေ့နံနက်က ရမ်းဗြဲမြို့တွင် ပြုလုပ်ခဲ့သည်။

ယင်းထောက်ခံပွဲကို ရခိုင်ပြည်နယ်၊ရမ်းဗြဲမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ ဦးဆောင်ပြီး ယနေ့နံနက် ၈ နာရီအချိန်က ရမ်းဗြဲမြို့လယ်၊ အေးစေတီဘုရားဝင်းအတွင်း ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

“ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို လူ့အခွင့်အရေးချိုးဖောက်တယ် ဆိုပြီးတော့ တရားစွဲထားတယ်။ နိုင်ငံကို တရားစွဲတာကို နိုင်ငံခေါင်းဆောင်တစ်ယောက်အနေနဲ့ သွားပြီးရင်ဆိုင်တာကို ကျွန်တော်တို့က ကိုယ့်နိုင်ငံ ခေါင်းဆောင်ဘက်က ရပ်တည်တယ်။ ထောက်ခံတယ် ဆိုတာကို ပြချင်လို့ ခုလို ထောက်ခံပွဲ ပြုလုပ်တာ”ဟု ရမ်းဗြဲမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD)၏ မြို့နယ်အလုပ်အမှုဆောင် အတွင်းရေးမှူး ဦးခင်ရီက နိရဥ္စရာ သို့ ပြောသည်။

ရခိုင်မြောက်ပိုင်းတွင် မွတ်ဆလင်ဘင်္ဂလီလူမျိုးအား လူမျိုးတုံးသတ်ဖြတ်သည်ဆိုသော စွပ်စွဲချက်ဖြင့် မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ကွန်ဗင်းရှင်း-၁၉၄၈ အရ လိုက်နာဆောင်ရွက်ရမည့် စည်းကမ်း များကို ချိုးဖောက်ခြင်းအတွက်  တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ တာဝန်ရှိသည်ဆိုကာ တရားစွဲဆိုထားသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့သည် ဒီဇင်ဘာလ ၁ဝ ရက်နေ့မှ ၁၂ ရက်နေ့အထိ နယ်သာလန်နိုင်ငံ၊ သဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)တွင် အမှုသွားရောက် ရင်ဆိုင်ရမည် ဖြစ်သည်။

တရားစွဲဆိုထားသည့် ကိစ္စနှင့် ပတ်သက်ပြီး တပ်မတော်ဘက်ကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ပူးပေါင်း ပါဝင်မည်ဖြစ်ကြောင်း ထုတ်ပြန်ပြောဆိုထားသည်။

နိုင်ငံကိုယ်စား အမှုရင်ဆိုင်ရမည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ကိုယ်စားလှယ်အဖွဲ့ဘက်မှ နိုင်ငံ၏ ဂုဏ်သိက္ခာအရ ပြည်သူများ အနေဖြင့် ရပ်တည်ပေးသင့်ကြောင်း ဦးခင်ရီက ဆက်ပြောသည်။

” ဒါဟာ နိုင်ငံရဲ့ ဂုဏ်သိက္ခာ ထိပါး စော်ကားတာဖြစ်တယ်။ အဲဒါကို နိုင်ငံကိုယ်စား ရင်ဆိုင်ဖြေရှင်းဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့က သွားဖြေရှင်းမှာ ဖြစ်တဲ့အတွက်၊ ကျွန်တော်တို့ နိုင်ငံ ရဲ့ခေါင်းဆောင်ဘက်မှာ  ပြည်သူပြည်သားတွေ အားလုံး မားမားမတ်မတ် ရပ်တည်တယ်။ပြီးတော့ ဂုဏ်သိက္ခာအရ ကိုယ့်နိုင်ငံခေါင်းဆောင်ဘက်က စည်းစည်း လုံးလုံး ညီညီညွတ်ညွတ်နဲ့ ရပ်တည်ပေးသင့်တယ်”ဟု ပြောသည်။

ယင်း လူထုထောက်ခံပွဲကို လူပေါင်း ၈ဝ နှင့် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး နံနက် ၁ဝ နာရီတွင် ပြီးဆုံးခဲ့သည်ဟု ပြောသည်။

---------------------------------

Unicode:



နိရဉ်စရာ ၊ ဒီဇငျဘာ ၄/၂ဝ၁၉










ဆက်စပ် သတင်းများ