သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ယခုနှစ် ရန်ကုန် - ရခိုင်ပြည်နယ်နေ့အခမ်းအနားကို ရန်ကုန်တိုင်းအစိုးရအထောက်အပံ့ဖြင့်ကျင်းပမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ ဒီဇင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 2.3k

ဆောင်းဇာခြည်
နိရဥ္စရာ၊ ဒီဇင်ဘာ ၅/ ၂ဝ၁၉

၂ဝ၁၉ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ကျရောက်သည့် (၄၅)ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အကူအညီအထောက်အပံ့ဖြင့် ရခိုင်တိုင်းရင်းသားရေး ဝန်ကြီးဌာနမှ ဦးဆောင် ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

“ ဒီရန်ကုန်မှာရှိတဲ့ ရခိုင်သူ/သားတွေက အကုန်အခမဲ့ တက်ရောက် ပါဝင်ဆင်နွှဲခွင့်ရှိပါတယ်။ ကျွန်တော်တို့ လွန်ခဲ့တဲ့ နှစ်တွေကဆို ဝင်ကြေးကောက်တယ်ပေါ့နော်။ ဒီနှစ်က တစ်ပြားမှ မကောက်ပါဘူး။ အရင်နှစ်တွေကဆို  ကျွန်တော်တို့ ဆိုင်ခန်းတွေ ဆောက်ပေးတယ်။ ပြီးတော့ အခန်းကြေးတွေ ကောက်ခဲ့တာပေါ့နော်။ ဒီနှစ်ကျတော့ အဲလိုမလုပ် တော့ဘူး။ တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ပေါင်းပြီး အစိုးရဘတ်ဂျက်နဲ့လုပ်တာဆိုတော့ အကုန်လုံး အခမဲ့ ပေးပါတယ်” ဟု ပွဲဖြစ်မြောက်ရေးကော်မတီ အထွေထွေအတွင်းရေးမှူး ဦးစိန်လှိုင်က နိရဥ္စရာသို့ ပြောသည်။

ယခုနှစ် ပြုလုပ်မည့် ရခိုင်ပြည်နယ်နေ့ အခမ်းအနား၌ ရခိုင်ရိုးရာ ကျင်ပွဲ၊ အမျိုးသမီး လွန်ဆွဲပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သော်လည်း ယခင်နှစ်များကကဲ့သို့ ရခိုင်တေးဂီတ ဖြေဖျော်ပွဲကို ထည့်သွင်း ကျင်းပမည် မဟုတ်ဟုဆိုသည်။

ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို ရန်ကုန်မြို့ သာကေတမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ၌ ဒီဇင်ဘာ ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် ကျင်းပသွားမည်ဖြစ်သည်။

 ကျင်းပရသည့် ရည်ရွယ်ချက်နှင့် ပတ်သက်ပြီး ဦးစိန်လှိုင်က “ရည်ရွယ်ချက်ကတော့ ရန်ကုန်မှာ အလုပ်လုပ်နေတဲ့ ရခိုင်တွေ ရှိတယ်။ ရန်ကုန်မှာက ပွဲ ၄ ခုရှိတယ်။ သင်္ကြန်ရယ်၊ ဆရာတော်ဦးဥတ္တမပွဲရယ်၊ အမျိုးသားနေ့ရယ်၊ ရခိုင်ပြည်နယ်နေ့ ဆိုပြီး ရှိတာပေါ့နော်။ အဲဒီတော့ ကျွန်တော်တို့က ဒီသင်္ကြန်ကိုလည်း ပျော်ပျော်ရွှင်ရွှင်မဆင်နွှဲ့ခဲ့ရဘူး။ ဦးဥတ္တမပွဲကိုလည်း သံဃာတော်တွေပင့်ပြီး ဆွမ်းကပ်ပူဇော်တာပဲ လုပ်ခဲ့ရတယ်။ ကျွန်တော်တို့ရဲ့ စုပေါင်းမှု အားနည်း လာတယ်လို့ ခံစားရတယ်။ ကျွန်တော်တို့ရဲ့ အားလပ်ရက်တွေနဲ့ တိုက်ဆိုင်နေတဲ့ ရက်တစ်ရက်လည်း ဖြစ်တယ်။ ကိုယ့်ရခိုင်ပြည်နယ်နေ့လည်း ဖြစ်တယ်ဆိုပြီး ရန်ကုန်မှာရှိတဲ့ လူတွေက တစ်စုတစ်ဝေးနဲ့ စုပေါင်း ဆောင်ရွက်ကြမယ်ဆိုတဲ့ ရည်ရွယ်ချက်လေးပါပဲ”ဟု ပြောသည်။

(၄၅)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ ရခိုင်ရိုးရာကျင်ပွဲတွင် ဆုကြေးငွေ အဖြစ် ရွှေမောင်းတန်းတွင် ပထမဆုကို  ကျပ် (၂ဝ)သိန်း၊  ဒုတိယဆု ကျပ်(၁၅)သိန်းထိ ချီးမြှင့်မည်ဖြစ်ပြီး  ငွေမောင်းတန်းတွင် ပထမဆုကို  ကျပ်(၁၅)သိန်း, ဒုတိယဆုကို  ကျပ်(၁ဝ)သိန်း ချီးမြှင့်သွားမည်ဟု ပြောသည်။

၎င်းပြင် ယခုနှစ်တွင် ကျင်ပွဲအတွက် စိန်ခေါ်မောင်းအစီအစဉ်ကို ထည့်သွင်းထားပြီး ဆုကြေးငွေ ကျပ်(၅)သိန်း ချီးမြှင့်မည်ဖြစ်ပြီး တစ်ခြားပြိုင်ပွဲ ဖြစ်သည့် ခေါင်းအုံးသတ် (ရိုက်) ပွဲ  ပထမဆု ကျပ် (၃)သိန်း၊  ဒုတိယ ကျပ် တစ်သိန်းခွဲနှင့်  အမျိုးသမီးလွန်ဆွဲပွဲ ပထမ ကျပ် (၁ဝ)သိန်းနှင့် ဒုတိယဆု ကျပ်(၇)သိန်း ချီးမြှင့်မည်ဟု သိရသည်။

အလားတူ ရခိုင်ပြည်နယ် စစ်တွေမြို့တွင်လည်း ရခိုင်ပြည်နေ့အထိမ်းအမှတ်အဖြစ် ဒီဇင်ဘာ ၉ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ကာတွန်း၊ စာစီစာကုံးပြိုင်ပွဲများအား စစ်တွေ အထက(၄)တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ရခိုင်ရိုးရာဝတ္ထုပုံပြောပြိုင်ပွဲနှင့် ရခိုင်ပြည်နယ်နေ့အခမ်းအနားကို စစ်တွေမြို့ ဦးဥတ္တမခမ်းမတွင် ဒီဇင်ဘာလ ၁၅ ရက်နေ့ နေ့လယ် ၁ နာရီခန့်၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ရခိုင်ရိုးရာကျင်ပွဲကိုမူ ယခင်နှစ်ကကဲ့သို့ စစ်တွေမြို့ ဝင်္ကဘာကွင်းတွင် မပြုလုပ်ဘဲ ဝေသာလီအားကစားကွင်း၌ ကျင်းပသွားမည်ဟု ဆိုသည်။

“နှစ်တိုင်းလိုတော့ ဝင်္ကဘာကွင်းမှာ မလုပ်ဘူး။ ဒီနှစ်က ဝေသာလီကွင်းမှာ လုပ်မှာ။ ဒီရိုးရာကျင်ပွဲကို ဘာလို့ ဝေသာလီကွင်းမှာ လုပ်မှာလည်း ကျွန်တော်လည်း သိပ်မပြောတတ်ဘူးပေါ့နော်။ ကျန်တာတွေကတော့ အကုန် ပြီးခဲ့တဲ့နှစ်တွေကလိုပဲ ကျင်းပသွားမှာပါ။”ဟု စစ်တွေမြို့ ရခိုင်ပြည်နယ်နေ့ ကျင်းပရေးဦးစီးကော်မတီအဖွဲ့ဝင် ဦးစောဝင်းက နိရဥ္စရာသို့ ပြောသည်။

ရခိုင်ပြည်နယ်နေ့ဆိုသည်မှာ ယခင် ရခိုင်တိုင်းကို ရခိုင်ပြည်နယ်အဖြစ် ဦးနေဝင်း၏ မဆလ အစိုးရက ၁၉၇၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင်သတ်မှတ်ခဲ့သည့်နေ့ကို ခေါ်ဆိုခြင်း ဖြစ်သည်။

(ဓာတ်ပုံ- ကိုစောမင်း)

------------------------------

Unicode:



နိရဉ်စရာ၊ ဒီဇငျဘာ ၅/ ၂ဝ၁၉













ဆက်စပ် သတင်းများ