သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

မြောက်ဦးနယ် ကျောက်ဆည်ပြင်ရွာအနီး တပ်မတော်စစ်ကြောင်း မိုင်းခွဲတိုက်ခိုက်ခံရဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ ဒီဇင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 1.4k

သိန်းဇော်(မောင်တော)
စစ်တွေ၊ ဒီဇင်ဘာ ၅/၂ဝ၁၉

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ကျောက်ဆည်ပြင်ကျေးရွာအနီး တပ်မတော်စစ်ကြောင်းတစ်ခု မိုင်းခွဲတိုက်ခိုက်ခံရ ကြောင်း ဒေသခံများက ပြောသည်။

ယနေ့နံနက် ၉ နာရီခွဲခန့်က ၎င်းတပ်မတော်စစ်ကြောင်းသည် ကျီရာပြင်ကျေးရွာဘက်သို့ အလာ ကျောက်ဆည်ပြင် ကျေးရွာ၊ ရဗချောင်းတံတားအနီး ထိုသို့မိုင်းခွဲတိုက်ခိုက်ခံခဲ့ရ ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက နိရဥ္စရာ သတင်းဌာနသို့ပြောသည်။

“စစ်ကြောင်းက ရမ်းချောင်းထဲက နေထွက်လာတယ်။ ထွက်လာပြီးတော့ ကျောက်ဆည်ပြင်နဲ့ နီးတဲ့ ရဗချောင်း တံတား အနီးမှာ သူတို့စုနေတဲ့အချိန် ပေါက်သွားတာပါ။ ဘယ်လိုဖြစ်တာလဲဆိုတာကို အခုမသိရသေးဘူး။ ကျောက်ဆည်ပြင်ဖက်ကိုလည်း ဆက်သွယ်လို့မရဘူးဖြစ်နေတယ်။ ကြောက်ပြီးတော့ ဖုန်းတွေ ပိတ်ထား ကြတယ်ထင်ပါတယ်” ဟု ကျောက်ကျပ်ကျေးရွာသား တစ်ဦးကပြောသည်။

တပ်မတော်စစ်ကြောင်းမှာ ရမ်းချောင်းထဲမှထွက်လာပြီး ကျောက်ဆည်ပြင်ကျေးရွာအနီးတွင် ခဏနားကာ ကျီရာပြင် ဘက်ကိုကူးသည့်အချိန်  မိုင်းခွဲတိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်ကြောင်း ၄င်းကျောက်ကျပ် ကျေးရွာသားကဆက် ပြောသည်။

“အခုလင်းမြွေတောင်ကနေ လက်နက်ကြီးနဲ့ပစ်နေပါတယ်။ ကျောက်ဆည်ပြင်ကျေးရွာအရှေ့ဘက် တောင်တန်း တွေမှာကျပါတယ်။ လက်နက်ကြီးနဲ့ ပစ်တာ ၄လုံးရှိနေပါပြီ။ ဒီနေ့တိုက်ပွဲဖြစ်တာတော့ မရှိသေးဘူး ” ဟု ယနေ့နံနက် ၁၁ နာရီ ၂၇ မိနစ်ခန့်က ဆက်သွယ်မေးမြန်းစဉ် လုံခြုံရေး အရအမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

ဆက်လက်ပြီး တပ်မတော်စစ်ကြောင်း မိုင်းခွဲတိုက်ခိုက်ခံရခြင်းမှာ ဟုတ်/ မဟုတ်အတည်ပြုနိုင်ရန် မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်အား ဆက်သွယ်မေးမြန်းခဲ့ရာ ယနေ့ နံနက်ပိုင်း ၁၁ နာရီခန့်က ဆက်သွယ်မေးမြန်းခဲ့ရာ ၄င်းက နံနက်ပိုင်း ပေါက်ကွဲသံ ၅ ချက် ကြားလိုက်ရကြောင်း၊ ထိုပေါက်သံမှာ မိုင်းပေါက် သံလား၊ လက်နက်ကြီးအသံလားဆိုသည်ကို ခွဲမရကြောင်း ပြောသည်။

မြောက်ဦးမြို့နယ် ပီပင်ရင်းဆရာတော်က “တပ်မတော်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရတာ ဟုတ်ပါတယ်။ ပေါက်ပင်ကွင် ကျီရာပြင်လမ်း နလိပ်လမ်းကြောင်းလို့လည်းခေါ်ပါတယ်။ တောတွင်းလမ်းပေါ့။ အဲဒီလမ်းမှာ မိုင်းခွဲတိုက်ခိုက်ခံရတာပါ” ဟု ပြောသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ပထမတန်း စစ်ဦးစီးဗိုလ်မှူးကြီး ဝင်းဇော်ဦးသို့ နိရဥ္စရာ သတင်းဌာနမှ ယနေ့ နေ့လယ် ၁၂ နာရီ ၃၈ မိနစ်ခန့်က ဆက်သွယ်မေးမြန်းခဲ့ရာ ၄င်းက “ အဲဗျာ။ ကျနော်ခရီးသွားနေလို့ဗျ။ အဲသတင်းတော့ ကျနော်မကြားမိသေးဘူးဗျ။ နောက်တန်းနဲ့လည်း အဆက်အသွယ် ပြတ်နေတယ်။ ကျနော်ခရီးသွားနေလို့” ဟု ပြန်လည် ဖြေကြားသွားသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂၉ ရက်နေ့ကလည်း မြောက်ဦးမြို့နယ်လင်းမြွေတောင်ဘက်မှ လာသည့် တပ်မတော် စစ်ကြောင်းတစ်ခု  သပြေကန်ကျေးရွာနားအရောက်တွင် မိုင်းခွဲတိုက်ခိုက်ခံခဲ့ရပြီး ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဆက်စပ် သတင်းများ