ဆောင်းဇာခြည်
နိရဥ္စရာ၊ ဒီဇင်ဘာ ၅/ ၂၀၁၉
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အငူမော်ကုန်တန်းကျေးရွာမှ ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရသည့် ပညာရေးဝန်ထမ်း ၂ ဦးနှင့် အဆက်သွယ်မရဖြစ်နေကြောင်း မိသားစုဝင်များက ပြောသည်။
ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသည့် ပညာရေးဝန်ထမ်း ၂ ဦးမှာ အငူမော်ကုန်တန်းကျေးရွာမှ အလယ်တန်းပြ ကျောင်းဆရာ ဦးကျော်ဆန်းနိုင် (၃၄) နှစ်နှင့် ကျောင်းစာရေး မောင်နေဇော်ထွန်း (၂၂)တို့ဖြစ်ကြောင်း သိရသည်။
“ကျွန်မတို့ ရွာက အုပ်ချုပ်ရေးမှူးတို့နဲ့ အငူမော်ရဲစခန်းမှာ သွားတွေ့တယ်။ နောက်တစ်နေ့ရောက်တော့ အဲဒီစခန်းမှာ သူတို့ မရှိတော့ဘူး။ ဒါနဲ့ အခုဘဲ အင်းဒင်ရဲစခန်းမှာလို့ သတင်းကြားလို့ ကျွန်မတို့ အဲဒီကို သွားကြပါတယ်။ အဲဒီမှာ တွေ့လည်း မတွေ့ရပါဘူး။ အထဲမှာ ရှိမှန်း၊ မရှိမှန်းလည်း အသေချာမသိဘူး။ သူတို့အတွက် အရမ်းစိုးရိမ်ရပါတယ် ” ဟု ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသူ ကျောင်းဆရာ ဦးကျော်ဆန်းနိုင်၏ ဇနီးဒေါ်ခင်ခင်အေးက နိရဥ္စရာသို့ ပြောသည်။
လ၀က၊ ရဲနှင့် တပ်မတော်သားအချို့တို့သည် ဒီဇင်ဘာ ၃ ရက်နေ့က အငူမော်ကုန်တန်းကျေးရွာသို့ ရောက်ရှိလာကာ ကျေးရွာအတွင်း လူစု၍ အိမ်ထောင်စုစာရင်းများနှင့် မှတ်ပုံတင်များအား စစ်ဆေးခဲ့ပြီး ညနေ ၃ နာရီခန့်တွင် ကျောင်းဆရာဦးကျော်ဆန်းနိုင်နှင့် ကျောင်းစာရေး မောင်နေဇော်ထွန်းတို့အား ဖမ်းဆီးခေါ်ဆောင်ခဲ့သည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်မင်းဌေးက ပြောသည်။
ဦးအောင်မင်းဌေးက “ အငူမော်ကုန်တန်းရဲ့ နယ်ခြားစောင့်ရဲစခန်းကို ခေါ်သွားတယ်။ အဲဒီက တစ်ဆင့် နောက်ထပ် ရဲစခန်းတစ်ခုကို ခေါ်သွားတာပါ။ ကျွန်တော်တို့လည်း ဒီအင်းဒင်ရဲစခန်းမှာ ရှိတယ်လို့ သတင်းကြားလို့ လာကြည့်တာ။ တွေ့ခွင့်လည်း မရဘူး။ မေးတော့လည်း သူတို့က မသိဘူးလို့ ပြောပါတယ်။”ဟု နိရဥ္စရာသို့ ပြောသည်။
ရသေ့တောင်မြို့နယ် ပညာရေးမှူး ဦးကျော်မြက “ ဝန်ထမ်းဆိုလည်း ဝန်ထမ်းဆိုင်ရာ တာဝန်ရှိသူတွေပဲဖြစ်ဖြစ်၊ ကျေးရွာအုပ်ချုပ်ရေးမှုးဖြစ်ဖြစ် အသိပေးသင့်တယ်။ တရားဝင် အဖွဲ့အစည်းတွေက ဖမ်းတာဆိုရင် မိသားစုတွေကို သတင်းပေးသင့်တယ်။ အခုက လူပျောက်ကြော်ငြာလုပ်ရမလိုဖြစ်နေပြီ။ ဖမ်းတာကို ကျွန်တော်တို့ကလည်း မဖမ်းနဲ့လို့ မပြောဘူး။ ဒါပေမယ့် ဖမ်းသွားရင်လည်း ဒီလိုဒီလိုရှိတယ်ဆိုပြီး အကြောင်းကြားသင့်တယ်ပေါ့နော် ”ဟု နိရဥ္စရာသို့ ပြောသည်။
အဆိုပါ အငူမော်ကုန်တန်းကျေးရွာအနီး ပြီးခဲ့သည့် နိုဝင်ဘာ ၃၀ ရက်နေ့ နံနက်ပိုင်းက မိုင်းပေါက်ကွဲ၍ ၁၄ နှစ်အရွယ် လူငယ်တစ်ဦး သေဆုံးခဲ့ပြီးနောက် ယခုကဲ့သို့ ကျေးရွာအတွင်း စစ်ဆေးမှုများ ပြုလုပ်ကာ ဖမ်းဆီး ခေါ်ဆောင်မှု ရှိလာခြင်းဖြစ်သည်။
---------------------------------
Unicode:
နိရဉ်စရာ၊ ဒီဇငျဘာ ၅/ ၂၀၁၉