စိုးဇံအောင်
နိရဥ္စရာ ၊ ဒီဇင်ဘာ ၅ /၂၀၁၉
ရခိုင်ပြည်နယ်၊ရမ်းဗြဲမြို့တွင် (ICJ) အမှုနှင့်ပတ်သက်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ထောက်ခံပွဲဦးဆောင်ပြုလုပ်သူ ဖုန်းဖြင့် ခြိမ်းခြောက်ခံရသည်ဟု သတင်းရရှိသည်။
“မလေးရှားကဖုန်း၊မနေ့ကညဘက် ကျွန်တော့်ဆီဖုန်းဝင်တယ်။ ဖုန်းသုံးခေါက်ဝင်တယ်။ မင်း ထမင်း၀အောင် စားထားလို့ ပြောတယ်။ အောင်ဆန်းစုကြည်တို့ကို မင်းအားပေးနေတဲ့ လူဆိုပြီးတော့ပေါ့”ဟု ဦးခင်ရီက ပြောသည်။
ဒီဇင်ဘာလ ၄ ရက်နေ့ နံနက် ၈ နာရီက ရမ်းဗြဲမြို့၊အောင်စေတီဘုရားဝင်းအတွင်း လူပေါင်း ၈၀ ခန့်က ကုလသမဂ္ဂ၏ အပြည်ပြည်ဆိုင်ရာ တရား (ICJ) တွင် အမှုသွားရောက်ရင်ဆိုင်ဖြေရှင်းမည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ထောက်ခံပွဲပြုလုပ်ခဲ့သည်။
ယင်းနောက် ညပိုင်းတွင် ထောက်ခံပွဲဦးဆောင်ပြုလုပ်သူ ရမ်းဗြဲမြို့နယ်၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ် အလုပ်အမှုဆောင်၊ အတွင်းရေးမှူး ဦးခင်ရီ မှာ ဖုန်းနှင့်ဆက်သွယ်ပြီး ခြိမ်းခြောက်ပြောဆိုခံခဲ့ရခြင်း ဖြစ်သည်။
ရခိုင်မြောက်ပိုင်းတွင် မွတ်ဆလင်ဘင်္ဂလီလူမျိုးအား လူမျိုးတုံးသတ်ဖြတ်သည်ဆိုသော စွပ်စွဲချက်ဖြင့် မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ကွန်ဗင်းရှင်း-၁၉၄၈ အရ လိုက်နာ ဆောင်ရွက်ရမည့် စည်းကမ်းများကို ချိုးဖောက်ခြင်းအတွက် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ တာဝန်ရှိသည်ဆိုကာ တရားစွဲ ဆိုထားသည်။
ထိုသို့ တရားစွဲဆိုထားခြင်းကြောင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဒီဇင်ဘာလ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့အထိ နယ်သာလန်နိုင်ငံ ၊ သဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာ တရားရုံး(ICJ)တွင် အမှုသွားရောက် ရင်ဆိုင်ရမည်ဖြစ်သည်။
“အဓိကက ICJ သွားမယ့်ကိစ္စက တရားစွဲတာက မွတ်ဆလင်နိုင်ငံက စွဲတာ။ အဲဒီလို စွဲတာကို မြန်မာနိုင်ငံက သွားပြီးဖြေရှင်းရမှာ။ အဲဒါကို သူတို့က ဘာကိုမကျေမနပ်ဖြစ်နေတာလဲတော့ မသိတော့ဘူး”ဟု ဦးခင်ရီက ဆက်ပြောသည်။
တစ်ခြားခေါင်းဆောင်အချို့လည်း ခြိမ်းခြောက်ခံရမှုများရှိကြောင်း သိရသည်။
လက်ရှိတွင် မြန်မာနိုင်ငံ မြို့ကြီးများတွင်လည်း (ICJ) အမှုနှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ထောက်ခံပွဲပြုလုပ်ရန် စီစဉ်နေကြောင်း သိ၇သည်။
(ICJ) အမှုနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံမှ အဖွဲ့အစည်းများကြားထဲတွင် ထောက်ခံ/ မထောက်ခံ စသဖြင့် အမြင်သဘောထားများ ကွဲပြားလျက်ရှိနေကြောင်း သိ၇သည်။
-------------------------
Unicode:
နိရဉ်စရာ ၊ ဒီဇငျဘာ ၅ /၂၀၁၉