အင်္ဂါ၊ ဧပြီလ ၂၃ရက်၊ ၂၀၂၄

ကျောက်တော်မြို့ ပစ်ခတ်မှုအတွင်း တတိယတန်းကျောင်းသားတစ်ဦးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ ဒီဇင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 7.7k

သိန်းဇော်(မောင်တော)
စစ်တွေ၊ ဒီဇင်ဘာ ၆/၂ဝ၁၉

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ပိုက်သည်ရပ်ကွက်တွင် ယနေ့ နံနက်ပိုင်းက ပစ်ခတ်မှုဖြစ်ပွားပြီး တတိယတန်း ကျောင်းသား ကလေးတစ်ဦး ကျည်ဆံထိမှန်သေဆုံးသွားကြောင်း သတင်းရရှိသည်။

ကျည်ဆံထိမှန်သေဆုံးသွားသူမှာ ကျောက်တော်မြို့ ရွာမကျောင်းတွင်ကျောင်းတက်နေသည့်  ပိုက်သည်ရပ်ကွက်မှ ဦးမိုးကျော်နှင့် ဒေါ်ဖြူဖြူသန်းတို့၏သား တတိယတန်း ကျောင်းသား မောင်ကျော်မင်းမြတ်(၉)နှစ် ဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယနေ့ နံနက် ၉ နာရီဝန်းကျင်ခန့်က ကျောက်တော်မြို့ ရွှေကျောင်းဘုန်းတော်ကြီးကျောင်းဓမ္မာရုံအလွန်မှ လက်နက်ကြီးသံ နှစ်ချက်ကြားလိုက်ရပြီးနောက် တပ်မတော်စစ်ကြောင်းမှ ပိုက်သည်ရပ်ကွက်အတွင်း ဝင်ရောက် ပစ်ခတ်မှုကြောင့် တတိယတန်းကျောင်းသူ မောင်ကျော်မင်းမြတ်အား ရင်ဘတ်နှင့် ဝမ်းဗိုက်တို့တွင် ကျည်ဆံ လေးချက် ထိမှန်သေဆုံးသွားကြောင်း မိသားစုဝင်များက နိရဥ္စရာ သတင်းဌာနသို့ပြောသည်။

သေဆုံးသွားသည့် ကလေးငယ်၏ အဒေါ်ဖြစ်သူ ဒေါ်ချိုချိုအေးက “ဖြစ်တာက သူက ကျောင်းတက်ဖို့သွားပါတယ်။ ကျောင်းတက်ဖို့ သွားတဲ့အချိန်မှာ ဗုံးပေါက်ပါတယ်။ ဗုံးပေါက်လို့ သူကကျောင်းမတက်ဘဲ ပြေးလာခဲ့ပါတယ်။ ပြေးလာပြီးတော့ ကျောင်းမတက်ဘဲနဲ့ သမီးတစ်ယောက်လည်းရှိတယ်။ သူမက ၉ တန်း ။ သမီးလည်း မသွားဘူး။ သူကလည်း မသွားဘူးဆိုတော့ အဲဒီဗုံးပေါက်လို့ပြီးတာနဲ့ ဆိတ်ငြိမ်သွားတယ်။ ငြိမ်သွားတဲ့ အချိန်မှာ မျက်နှာချင်းဆိုင် အိမ်ရှေ့က ကျမယောင်းမအိမ်ကို သူက သွားတာ။ အဲဒီမှာ ကလေးတွေကလည်းရှိတယ်။ အဖော်ရတယ်ဆိုပြီး ပြောနေဖို့ သွားတယ်။ အဲဒီအချိန်မှာ စစ်သားတွေက ဝင်လာပြီးတော့ သေနတ်နဲ့ပစ်တယ်။ ပစ်တဲ့ အချိန်မှာ ကိုယ့်သားသမီးကို ခေါ်ပြီးဝင်ကြတယ်။  ကျမကလည်း သူ့ကိုလှမ်းလို့ခေါ်တော့ သူကကိုယ့်အိမ်ကို ပြေးလာတယ်။ လမ်းကို ဖြတ်ပြေးလာတဲ့အချိန်မှာ စစ်သားက လှမ်းပစ်တာ။ သူနဲ့ပါလာတဲ့ ကလေးတွေက နောက်ဆုတ် ပြေးသွားတယ်။ မဟုတ်ရင် အားလုံးသေကြမှာ။ သူကအိမ်ကိုပြေးဝင်လာတဲ့အချိန်မှာ အိမ်ဝမှာ ဖိနပ်တစ်ဖက် ကျွတ်ကျန်ခဲ့ပါတယ်။ အိမ်မိုးစွန်းသို့ရောက်တဲ့အချိန်မှာ ဗုံးတွင်းကိုလှိမ့်လို့ သွင်းတဲ့အချိန်မှာ ကျမသမီးက ပြောပါတယ်။ မေမေ ကျော်မြတ်မင်းမှာ ကျည်ကျသွားပြီ ဆိုတော့ ကြည့်လိုက်တဲ့ အချိန်မှာသွေးတွေက အိုင်ခံသွားပြီ”ဟု ပြောသည်။

ယနေ့ နံနက် ၉နာရီ ၁ဝမိနစ်ခန့်တွင် ကျောက်တော်မြို့ ရွှေကျောင်းအလွန်ပေါက်ကွဲသံ နှစ်ချက်ကြားလိုက်ရပြီး နောက် တပ်မတော်စစ်ကြောင်းမှ ပိုက်သည်ရပ်အတွင်းသို့ ဝင်ရောက်ပြီး ရမ်းသန်းပစ်ခတ်မှုများပြုလုပ်ခဲ့ကြောင်း၊ ထိုသို့ ရမ်းသန်းပစ်ခတ်မှုကြောင့် ပိုက်သည်ရပ်ကွက်မှ KG3 ရွာမကျောင်းတွင် ကျောင်းတက်နေသည့် ကျောင်းသားလေး တစ်ဦးအား ကျည်ဆံ ၄ချက်ထိမှန်သေဆုံးသွားကြောင်း ကျောက်တော်မြို့နယ် ရခိုင်အမျိုးသားပါတီ( ANP)မှ ဒုဥက္ကဋ္ဌ ဦးသောင်းစိန်က အတည်ပြုပြောကြားသည်။

“ ပါတီအနေနဲ့ ပြောတာမဟုတ်ဘူး။ ငါက လူသားတစ်ယောက်အနေနဲ့ရော မြို့မှာ မြို့မိမြို့ဖ တစ်ယောက် အနေနဲ့ ပြောချင်တာက ဒီလို ဖြစ်စဉ်မျိုးကို လုံးဝ မလိုလားချင်ဘူးအဲလိုဖြစ်တာကို။ ဘယ်လိုဖြစ်ချင်လဲဆိုတော့ သူတို့ စစ်ဖြစ်တယ်ဆိုတိုင်း မြို့မှာ ဟိုလူ့ကိုရမ်းပစ် ဒီလူ့ကိုရမ်းပစ် ဒီလူ့ကိုလုပ်ဆိုတာ မဖြစ်သင့်ဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ စစ်ဖြစ်ရင်တော့ ဖြစ်မှာကိုသိတယ်။ ဒါပေမယ့် သက်သက်တမင်တကာ လုပ်တယ် ဆိုရင်တော့ မလိုချင်ဘူး။ မတော်တဆ ကျသွားတယ်ဆိုရင် နားလည်ပေးလို့ ရပေမယ့် တကယ့်ကိုရည်ရွယ်ချက်နဲ့ပစ်တယ် ဆိုရင်တော့ ဒါ လုံးဝ မဖြစ်သင့်ဘူး”   ဟု ကျောက်တော်မြို့မှ မြို့မိမြို့ဖ တစ်ဦးဖြစ်သူ ဦးသောင်းစိန်က ပြောသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သတ်ပြီး မေးမြန်းတင်ပြရန် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှပြောရေးဆိုခွင့်ရှိသူ ပထမတန်း စစ်ဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးသို့ နိရဥ္စရာ သတင်းဌာနမှ ယနေ့ နံနက် ၁၁ နာရီ ၁၉ မိနစ်ခန့်က ဖုန်းဖြင့်  အကြိ်မ်ကြိမ် ဆက်သွယ်ခဲ့ရာ ဖုန်း ပိတ်ထားပါသဖြင့် တပ်ဖက်က သဘောထားကို မေးမြန်းတင်ပြနိုင်ခြင်းမရှိသေးပါ။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူချုပ် ဇော်မင်းထွန်းထံသို့ နှစ်ကြိမ်တို်င်တိုင် ဖုန်းဆက်သွယ်ရာတွင်လည်း  ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိသေးပါ။

ကျောက်တော်မြို့မရဲစခန်းသို့ ဆက်သွယ်ရာတွင် ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိပါ။

ကျောက်တော်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်(ခ) ဦးမောင်သန်းစိန်သို့ ဆက်သွယ်ရာ ရွှေကျောင်းရှိ ဓမ္မာရုံတွင် ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့သည့် သတင်းရကြောင်း၊ ၎င်းနောက်စစ်တပ် ပစ်ခတ်ရှင်းလင်းမှု လုပ်စဉ် ၃ တန်းတက်နေသည့် ၉ နှစ်အရွယ် ကလေးငယ် တစ်ဦးသေဆုံးသွားကြောင်း၊ ၅ ချက်တိတိ ဝမ်းဗိုက်တွင် ဒဏ်ရာရရှိသည်ကိုတွေ့ရကြောင်း၊ လက်ရှိ ၎င်းကလေးငယ်၏ အလောင်းမှာ ကျောက်တော်မြို့နယ် ဆေးရုံတွင် ရှိနေကြောင်း ပြောကြားသည်။ 

ကျည်ဆံထိမှန်သေဆုံးသွားသည့် မောင်ကျော်မင်းမြတ်၏ မိဘများမှာ နိုင်ငံခြားတွင် သွားရောက် အလုပ်လုပ် ကိုင်နေကြပြီး  ၄င်းမှာအဒေါ်ဖြစ်သူနှင့် အတူနေထိုင်ခြင်းဖြစ်ကြောင်း၊ မိဘများမှာ နောက်လအတွင်း ပြန်ရောက် လာတော့အမည်ဖြစ်၍ မည်သို့ပြောပြရမည်ကို  မသိတော့ကြောင်း အဒေါ်ဖြစ်သူ ဒေါ်ချိုချိုအေးက ဆက်ပြောသည်။

ယနေ့ ကျောက်တော်မြို့ပေါ် ပေါက်ကွဲမှုများနှင့် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့မှုကြောင့် မြိ့သူမြို့သားများ စိုးရိမ်ကြောက်လန့်မှုများ မြင့်တက်နေကြောင်း၊ ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး မြို့မစျေးအားပိတ်ထားရကြောင်း ကျောက်တော်မြို့မစျေးဆိုင်သည်များမှ သိရသည်။

-----------------------------------

Unicode:
















ဆက်စပ် သတင်းများ