ဆောင်းဇာခြည်
နိရဥ္စရာ၊ ဒီဇင်ဘာ ၆/ ၂၀၁၉
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာအနီး ယနေ့ မွန်းလွဲက တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။
“အသံတွေတော့ ကြားရတယ်။ ဖြစ်နေတဲ့ နေရာက တောင်ချိုင်ကြားမှာဆိုတော့ မမြင်ရဘူး။ ပစ်ခတ်သံတွေကတော့ လက်နက်ကြီးအသံတွေရော၊ လက်နက်ငယ်အသံတွေရော အများကြီး ကြားတယ်”ဟု ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာမှ ဒေသခံအမျိုးသမီး တစ်ဦးက နိရဥ္စရာသို့ ပြောသည်။
ယနေ့ နေ့လယ် ၁ နာရီခွဲခန့်မှ ညနေ ၃ နာရီကျော်အထိ ပစ်ခတ်သံများ ကြားနေရကြောင်း၊ တိုက်ပွဲဖြစ်ပွားသည့် နေရာနှင့် ကျောက်တန်းကျေးရွာတို့မှာ ၁ မိုင်ခွဲခန့် ဝေးကွာကြောင်း ဒေသခံများက ပြောသည်။
“ပစ်ခတ်မှုတွေဖြစ်တာက ၁ နာရီကျော်လောက်ကတည်းက ဖြစ်နေတာ။ အခု ညနေပိုင်းရောက်တော့မှ ခဏ ရပ်သွားတယ်။ ပစ်ခတ်မှုတွေ ဖြစ်နေတဲ့ နေရာမှာ တောင်တန်းတွေချည်းပဲ။ ရွာမှာလည်း ရွာသားတွေကတော့ တစ်ယောက်စ နှစ်ယောက်ပဲရှိတော့တယ်။ အဲဒီတော့ ပစ်ခတ်မှုတွေဖြစ်တော့ ကြောက်ပြီး ထွက်ပြေးသွားတာ ရွာထဲမှာ လူတောင် မရှိသလောက်ပါပဲ” ဟု ရသေ့တောင်မြို့နယ် ရေစိုးချောင်းကျေးရွာမှ ဒေသခံ အမျိုးသား တစ်ဦးကလည်း ပြောသည်။
အဆိုပါ ရေစိုးချောင်းကျေးရွာနှင့် ပစ်ခတ်မှုများဖြစ်သည့် နေရာမှာ ၂ မိုင်ခွဲခန့်ကွာဝေးကြောင်း ၎င်းက ပြောကြားသည်။
ကျောက်တန်းရွာသား တစ်ဦးကလည်း ဖြစ်တာက ရေစိုးချောင်းနဲ့ နွားလားကျော်အကြား လိုင်ဂွင်ကြီးချောင်းမှာ ဖြစ်တယ်လို့ ကြား၇ပါတယ်။ ကျွန်တော်တို့ ကြားတာက မွန်းလွဲ ၂ နာရီမထိုးခင်ကနေ ညနေ ၄ နာရီထိ ပစ်ခတ်သံကြားရပါတယ်” ဟု ပြောကြားသည်။
၎င်းကိစ္စနှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ပထမတန်းစစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ဝင်းဇော်ဦးအား နိရဥ္စရာ သတင်းမှ ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါ။
တိုက်ပွဲဖြစ်ပွားသည့်အတည်ပြုချက်အား ရယူရန် ရက္ခိုင့်တပ်တော် (AA) မှ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခအား ဆက်သွယ်ခဲ့သော်လည်း အဆက်သွယ်မရရှိခဲ့ပါ။
-------------------------
UNicode:
နိရဉ်စရာ၊ ဒီဇငျဘာ ၆/ ၂၀၁၉