စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

ICJ ကိုသွားဖြေရှင်းသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ထောက်ခံပွဲ ရခိုင်မှ မြို့နှစ်မြို့တွင် ဆက်လက်ပြုလုပ်မည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ ဒီဇင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 2.3k

စိုးဇံအောင်
နိရဥ္စရာ ၊ ဒီဇင်ဘာ ၉ / ၂ဝ၁၉

ရခိုင်ပြည်နယ်မှ တောင်ကုတ်နှင့် ဘူးသီးတောင်မြို့ ၂ မြို့တွင် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင် အမှုရင်ဆိုင်ရမည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ထောက်ခံသည့်ပွဲအား ဆက်လက် ပြုလုပ်သွားမည်ဟု သတင်းရရှိသည်။

ရခိုင်ပြည်နယ် ၊ တောင်ကုတ်မြို့တွင် မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)က ဦးဆောင်ကာ လူထု ထောက်ခံပွဲတစ်ခုကို မနက်ဖြန် ဒီဇင်ဘာလ ၁ဝ ရက်နေ့ နေ့လယ် ၁ နာရီအချိန်မှ ညနေ ၅ နာရီအထိ မြို့လယ်ဖောင်တော်ဦးစေတီတော်မြတ်ကြီး ဓမ္မာရုံ၌ ပြုလုပ်သွားမည်ဟု သိရသည်။

“ကျွန်တော်တို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ICJ မှာသွားပြီးတော့ ဖြေရှင်းတာပါ။ မြန်မာနိုင်ငံသူ နိုင်ငံသားရဲ့ အကျိုးအတွက် သူဟာ ကိုယ်ကျိုးစွန့်ပြီး လုပ်နေတဲ့ ကိစ္စပါ။သူက တာဝန်ယူမှု တာဝန်ခံမှုတွေနဲ့ သွားလုပ်တဲ့ကိစ္စဖြစ်တဲ့အတွက် ကျွန်တော်တို့က ထောက်ခံပွဲလုပ်မှာ”ဟု တောင်ကုတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ဥက္ကဋ္ဌ ဦးတင်သိန်းအောင်က နိရဥ္စရာသို့ ပြောသည်။

အလားတူ ထောက်ခံပွဲတစ်ခုကို ဘူးသီးတောင်မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)က ဦးဆောင်ပြီး  ဒီဇင်ဘာလ ၁၂ ရက်နေ့ နေ့လယ် ၁ နာရီအချိန်တွင် ၄င်းတို့၏ ရုံးရှေ့၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
 
 “ထောက်ခံပွဲ လုပ်မယ်ဆိုတာက ကျွန်တော်တို့ နိုင်ငံရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့အတွက် ဒေါ်အောင်ဆန်းစု ကြည်က သွားတာကို ကျွန်တော်တို့က သူနဲ့အတူ ဘယ်လိုရပ်တည်တယ်ဆိုတာ လေးနက်စွာ ပြချင်လို့။ ကျွန်တော်တို့ လက်ကမ်းစာစောင်တွေလည်း ပေးထားတယ်”ဟု ဘူးသီးတောင်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရဲသိန်းက နိရဥ္စရာသို့ ပြောသည်။

ICJ တွင် အမှုရင်ဆိုင်ဖြေရှင်းရမည့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့ကို ထောက်ခံသည့် ပွဲတစ်ခုအား ဒီဇင်ဘာလ ၄ ရက်နေ့ကလည်း ရခိုင်ပြည်နယ် ၊ ရမ်းဗြဲမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးဆောင်ပြီး လူပေါင်း ၈ဝ ခန့်သည် ရမ်းဗြဲမြို့၊အောင်စေတီဘုရားဝင်းအတွင်း ပြုလုပ်ခဲ့ပြီး ယင်းထောက်ခံပွဲအပေါ်တွင် လူထု၏ ရခိုင်လူထု၏ ဝေဖန်မှုများ မြင့်တက်ခဲ့သည်။
 
ရခိုင်မြောက်ပိုင်းတွင် မွတ်ဆလင်ဘင်္ဂလီလူမျိုးအား လူမျိုးတုံးသတ်ဖြတ်သည်ဆိုသော စွပ်စွဲချက်ဖြင့် မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ကွန်ဗင်းရှင်း-၁၉၄၈ အရ လိုက်နာ ဆောင်ရွက်ရမည့် စည်းကမ်းများကို ချိုးဖောက်ခြင်းအတွက် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ တာဝန်ရှိသည်ဆိုကာ နိုဝင်ဘာ ၁၁ ရက်နေ့က ICJ တွင် တရားစွဲဆိုထားသည်။

ထိုသို့ တရားစွဲဆိုထားခြင်းကြောင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည်  နယ်သာလန်နိုင်ငံ ၊ သဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာ တရားရုံး(ICJ)တွင် အမှုရင် ဆိုင်ရန် နယ်သာလန်နိုင်ငံသို့ ထွက်ခွာ သွားခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဒီဇင်ဘာလ ၈ ရက်နေ့နံနက်က နေပြည်တော်မှ ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်ကိုရောက်ရှိခဲ့ပြီး ၊ နေ့လယ်ပိုင်းတွင် နယ်သာလန် နိုင်ငံသို့ ဆက်လက် ခရီးထွက်ခွာခဲ့သည်ဟု သိရသည်။

ICJ ၌ အမှုရင်ဆိုင်ရာတွင် နှစ်ဘက်နှုတ်နှင့် လျှောက်လဲချက် တင်သွင်းရမည်ဖြစ်ပြီး ယင်းလျှောက်လဲချက်များ ကို မြန်မာ အစိုးရကိုယ်စား ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်ဖြေရှင်းသွားမည်ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ထားသည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို မြန်မာနိုင်ငံ မြို့ကြီးအများအပြားတွင် ထောက်ခံပွဲ အသီးသီး ပြုလုပ်လျက်ရှိနေသည်ကို တွေ့ရသည်။

(ဓာတ်ပုံ- ဒီဇင်ဘာ ၄ ရက်နေ့က ပြုလုပ်သည့် ရမ်းဗြဲမြို့ ထောက်ခံပွဲ)

-----------------------

Unicode:


နိရဉ်စရာ ၊ ဒီဇငျဘာ ၉ / ၂ဝ၁၉




 

 





ဆက်စပ် သတင်းများ