နောင်ခိုင်အောင်
နိရဥ္စရာ၊ ဒီဇင်ဘာ ၁၁၊ ၂၀၁၉
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ နန်းကျားကျေးရွာ၊ ရွာလယ်ပိုင်းမှ အသက် ၃၀ အရွယ် မောင်သိန်းကျော်ဦးကို တပ်မတော်စစ်ကြောင်းတစ်ခုမှ ယနေ့မနက် ရ နာရီခန့်က ဘုရားသိမ်အထဲသို့ ဖမ်းဆီး စစ်ဆေးစဉ် ထွက်ပြေးသည်ဟုဆိုကာ သေနတ်ပစ်သဖြင့် လက်တစ်ဖက်တွင် ဒဏ်ရာရှိသွားကြောင်း ဒေသခံ မျက်မြင်များက ပြောသည်။
ဖမ်းဆီးခံရသူမှာ နန်းကျားကျေးရွာ အလယ်ပိုင်းမှ ဦးမဲလုံး၏သား မောင်သိန်းကျော်ဦး(၃၀) နှစ်ဖြစ်ပြီး သူ့ကို မျက်နှာ ဖုံးစွပ်၍ ယနေ့မနက် ၉ နာရီကျော်အချိန်တွင် မင်းပြားမြို့ဘက်သို့ ခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။
“သူ့ကို မနက် ရ နာရီလောက်မှာ ဖမ်းပြီးတော့ ဘုရားသိမ်ထဲမှာ ထားတယ်။ အဲဒီအချိန်မှာ ရွာကဆွေမျိုးတွေ သွားတွေ့ဖို့ကြိုးစားတယ်။ အဲလိုသွားတော့ သေနတ်နဲ့လှမ်းပစ်တယ်။ သိမ်ထဲကိုဝင်ခွင့်မပြုဘူး။ အခုတော့ သူ့ကို မျက်နှာဖုံးစွပ်ပြီးတော့ ခေါ်သွားတာကိုတွေ့လိုက်တယ်” ဟု နန်းကျားကျေးရွာသားတစ်ဦးက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။
ယနေ့ သေနတ်ပစ်ခံရပြီး ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသူ မောင်သိန်းကျော်ဦးသည် နန်းကျားကျေးရွာသား ဖြစ်သော်လည်း လက်ရှိတွင် ကချင်ပြည်နယ်သို့ မိသားစုအလိုက် ရွေ့ပြောင်း လုပ်သားအဖြစ် သွားရောက် နေထိုင်သူဖြစ်ကြောင်းနှင့် လက်ရှိတွင် မိဘများမှာ ကချင်ပြည်နယ်တွင်ရှိနေကြကြောင်း သိရသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ဝမ်းကွဲအစ်ကို တော်စပ်သူတစ်ဦးကလည်း “ ကျနော်ကတော့ မြောက်ဦးမှာရှိနေတုန်းပါ။ ကျနော်ကြားတာက သူမနက်စောစောပိုင်းက လမ်းလျှောက်လာတဲ့အချိန် စစ်တပ်ကဖမ်းပြီး သူ့ရဲ့ ခြေတွေ လက်တွေကို သေနတ်နဲ့ပစ်ပြီး မင်းပြားဘက်ကို ခေါ်သွားတယ်လို့ ကြားပါတယ်။ ကျနော်က အဲဒီလောက်ပဲ သိရပါသေးတယ်” ဟု ပြောသည်။
နန်းကျားကျေးရွာသည် မြောက်ဦးမြို့နှင့် မင်းပြားမြို့ကြား ရန်ကုန်စစ်တွေကားလမ်းတွင်တည်ရှိသည့် ကျေးရွာတစ်ရွာလည်းဖြစ်သည်။
------------------------------
Unicode:
နိရဉ်စရာ၊ ဒီဇငျဘာ ၁၁၊ ၂၀၁၉