စိုးဇံအောင်
နိရဥ္စရာ ၊ ဒီဇင်ဘာ ၁၁ /၂၀၁၉
ဒီဇင်ဘာလ အစောပိုင်းတွင် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် အလယ်ဈေးရပ်ကွက်၊ ချင်းပျံတောရွာမှ လက်နက်ကြီး ကျည်ထိမှန် သေဆုံးခဲ့သူ အရပ်သားများနှင့် ကျောက်တော်မြို့နယ်၊ ပိုက်သည်ကျေးရွာ ပစ်ခတ်မှု ဖြစ်စဉ်အတွင်း သေဆုံးခဲ့သူ ကလေးငယ် အတွက် ဂျပန်နိုင်ငံရောက် ရခိုင်လူမျိုးများက ဆန္ဒပြတောင်းဆိုမှု တစ်ခုကို ယနေ့ ပြုလုပ်ခဲ့သည်။
ယင်းဆန္ဒပြပွဲကို ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ မြန်မာသံရုံးရှေ့တွင် ဂျပန်ရောက်၇ခိုင်လူမျိုးများက ဒေသစံတော်ချိန် နေ့လယ် ၃ နာရီခွဲမှ ၄ နာရီခွဲအထိ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တို့ ဒီဇင်ဘာလ တစ်ရက်နေ့နဲ့ နှစ်ရက်နေ့မှာ မြောက်ဦးမြို့နယ်အတွင်းမှာ လက်နက်ကြီးကျည် ပစ်ခတ်မှုကြောင့် ခြောက်လလောက် ကလေးတစ်ယောက်အပါ အဝင် လေးနှစ်သား ကလေးတစ်ယောက် ၊ ပြီးရင် ၂၅ နှစ် မိခင်တစ်ယောက် သေဆုံးသွားခဲ့ရတယ်။ အဲဒါပြီးရင် ဒီဇင်ဘာလ ခြောက်ရက်နေ့မှာ ကျောက်တော်မြို့မှာ ပစ်ခတ်မှုကြောင့် ကျောင်းသားလေး တစ်ယောက် သေဆုံးခဲ့ရပါတယ်။အဲဒီလို အပြစ်မဲ့ပြည်သူတွေကို ပစ်ခတ် သတ်ဖြတ်မှုတွေကြောင့် ကျွန်တော်တို့ ဆန္ဒပြရတာပါ” ဟု ရက္ခိုင် လူငယ်များအစည်းအရုံး-ဂျပန်၏ ပြန်ကြားရေး တာဝန်ခံ ဦးမောင်လှသိန်းက နိရဥ္စရာသို့ ပြောသည်။
ဒီဇင်ဘာလ ၂ ရက်နေ့ ညနေ ၄ နာရီကျော်က မြောက်ဦးမြို့ပေါ်၊ အလယ်ဈေးရပ်ကွက်၊ ချင်းပျံတောရွာထဲတွင် ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားပြီး အသက်(၃)နှစ်အရွယ် မောင်ဇော်လင်းထက်နှင့် ၄င်းမိခင် ဒေါ်နုနုဝင်း (၂၄)နှစ်၊ မပေါက်စမ(၁)နှစ် (ဘ) ဦးမင်းမင်းထွန်း တို့ သုံးဦးမှာ သေဆုံးခဲ့ပြီး လေးဦးမှာ ဒဏ်ရာ အပြင်းအထန် ရရှိခဲ့သည်။
ဒီဇင်ဘာလ ၆ ရက်နေ့ နံနက်ပိုင်းကလည်း ကျောက်တော်မြို့နယ်တွင် နှစ်ဘက်ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် တပ်မတော်က ပိုက်သည်ရပ်ကွက်အတွင်း ပစ်ခတ်ဝင်ရောက်လာစဉ် ကျောင်းတက်ရန် သွားသည့် တတိယ တန်းကျောင်းသားကလေး မောင်ကျော်မြတ်မင်း(၉)နှစ်မှာ ရင်ဘတ်နှင့် ဝမ်းဗိုက်ကို ကျည်ဆံ ၅ ချက်ထိမှန် သေဆုံးခဲ့သည်။
ယင်းသို့ သေဆုံးမှုနှင့် ပတ်သက်ပြီး နှစ်ဘက်ပစ်ခတ်ရာတွင် အပြစ်မဲ့အရပ်သားပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်မှုများ မပြုလုပ်ရန် တောင်းဆိုသည်ဟု ရက္ခိုင်လူငယ်များအစည်းအရုံး-ဂျပန်၏ အတွင်းရေးမှူး ကိုဝင်းနိုင်က ပြောသည်။
“စစ်သားချင်းတိုက်ကြသလို ကျွန်တော်တို့ အရပ်သားပြည်သူကို လုံး၀မထိခိုက်အောင်အတွက် ဆင်ခြင်ပေးဖို့ တောင်းဆိုပါတယ်”ဟု ရက္ခိုင်လူငယ်များအစည်းအရုံး-ဂျပန်၏ အတွင်းရေးမှူး ကိုဝင်းနိုင်က နိရဥ္စရာသို့ ပြောသည်။
ယင်းဆန္ဒပြပွဲတွင် ဂျပန်ရောက် ၇ခိုင်လူမျိုး ၆၀ ဝန်းကျင် ပါဝင်ခဲ့သည်ဟု သိ၇သည်။
--------------------------
Unicode:
နိရဉ်စရာ ၊ ဒီဇငျဘာ ၁၁ /၂၀၁၉