မာန်ယုကျော် (ရွှေ၀မြေ)
စစ်တွေ၊ ဒီဇင်ဘာ ၁၆
၇ခိုင်ပြည်နယ် မင်းပြားမြို့နယ်နှင့် မြောက်ဦးမြို့နယ်အတွင်း တပ်မတော်က ဖမ်းဆီးသွားသူ ၈ ဦးအား မင်းပြား ရဲစခန်းသို့ လွှဲပြောင်း အပ်နှံလိုက်ပြီဟု သိရသည်။
လွှဲပြောင်းခံလိုက်၇သူ ၈ ဦးတွင် ဒီဇင်ဘာလ ၁၁ ရက်နေ့ညက မင်းပြားမြို့နယ်စိတ္တရကျေးရွာမှ အုပ်ချုပ်ရေးမှူးနှင့် အမျိုးသမီး တစ်ဦးတို့ အသတ်ခံရပြီးပြီးနောက် ဖမ်းဆီးခေါ်ဆောင်ခံရသူ ရ ဦးနှင့် ယင်းနေ့နံနက်ပိုင်းတွင် မြောက်ဦးမြို့နယ် နန်းကျကျေးရွာမှ ဖမ်းဆီးသွားသူ ၁ ဦး၊ စုစုပေါင်း ၈ ဦးဖြစ်သည်။
သူတို့ ၈ ကို ဒီဇင်ဘာလ ၁၅ ရက်နေ့ ညနေ ၆ နာရီခန့်တွင် မင်းပြားမြို့မရဲစခန်းသို့ လွှဲပြောင်း အပ်နှံလိုက်ခြင်းဖြစ်သည်ဟု ဆွေမျိုးများက ပြောသည်။
"မနေ့ညက ရဲစခန်းကို ရောက်တယ်လို့ ပြောလို့ ကျမတို့လည်း သားနဲ့ တွေ့ဖို့လာတာပါ။ ခုထိတော့ မတွေ့ရသေးဘူး။ ခုနက ထမင်းသွားပို့ပေမယ့် သူတို့ကို ထမင်းကျွေးထားပြီဆိုလို့ ထမင်းလည်း မပေးခဲ့ရဘူး။ ဒီနေ့ ရုံးထုတ်မလား၊ မနက်ဖြန်မှ ရုံးထုတ်မလားဆိုတာလည်း မသိရသေးဘူး။"ဟု ဖမ်းဆီးခံရသူများထဲတွင်ပါဝင်သည့် မင်းပြားမြို့နယ် တောင်ပုက္ကေကျေးရွာမှ ကိုအောင်နိုင်ဆန်း (၂၆ နှစ်)၏ မိခင် ဒေါ်မသာစိန်က နိရဥ္စရာသို့ပြောသည်။
လွှဲပြောင်းခံလိုက်ရသူများမှာ မင်းပြားမြို့နယ် စိတ္တကျေးရွာမှ မောင်ဘညွန့် (၃၆ နှစ်ခန့်)၊ တောင်ပုတ်ကေကျေးရွာမှ အောင်နိုင်ဆန်း (၂၆ နှစ်)၊ တောင်ပုတ်ကေကျေးရွာမှ နေလင်းအောင် (၂၇ နှစ်)၊ ကျောက်မှော်ကျေးရွာမှ ကျော်မင်းထွန်း (၂၇ နှစ်)၊ ငန်းတက်ကျေးရွာမှ အောင်နိုင် (၂၈ နှစ်)၊ မောင်မောင်သန်း (၃၆ နှစ်)၊ မြောက်ဦးချေ (၃၈ နှစ်)နှင့် မြောက်ဦးမြို့နယ် နန်းကျကျေးရွာမှ သိန်းဇော်ဦးတို့ဖြစ်သည်ဟု သိရသည်။
"သူတို့ကို စစ်ဆေးလိုက်တဲ့အခါမှာ နံပါတ်တစ် AA နဲ့ ဆက်စပ်မှုရှိတယ်။ သူတို့ရဲ့ထွက်ဆိုချက်တွေကို ကြည့်လိုက်တဲ့ အခါမှာ AA နဲ့ ဆက်စပ်တဲ့အကြောင်းအရာတွေ အများကြီးတွေ့ရတယ်။ ဒါကြောင့်မို့လို့ ရဲကို လွှဲပေးလိုက်တာ"ဟု အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ပြောခွင့်ရသူ တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက နိရဥ္စရာသို့ပြောသည်။
ဖမ်းဆီးခံလိုက်ရသူများ၏မိသားစုဝင်များကမူ ဖမ်းဆီးခံလိုက်ရသူများမှာ AA နှင့် ဆက်စပ်မှုမရှိဘဲ ရိုးရိုးသားသား လုပ်ကိုင် စားသောက်နေသူများသာဖြစ်သည်ဟုဆိုသည်။
"ကျမသားလေးက လယ်လုပ်ပြီး ရိုးရိုးသားသားလုပ်ကိုင်စားသောက်နေတာပါ။ AA နဲ့ မဆက်စပ်ဘူးလို့ ပြောချင်ပါတယ်။"ဟု ဖမ်းဆီးခံရသူများထဲတွင်ပါဝင်သည့် မင်းပြားမြို့နယ် တောင်ပုက္ကေကျေးရွာမှ ကိုနေလင်းမောင် (၂၇ နှစ်)၏မိခင် ဒေါ်မစိန်နုက နိရဥ္စရာသတင်းဌာနသို့ပြောသည်။
လွှဲပြောင်းခံလိုက်ရသူများနှင့်ပတ်သက်ပြီး အသေးစိတ်သိနိုင်ရန် မင်းပြားမြို့နယ်ရဲတပ်ဖွဲ့ထံ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါ။
-----------------------
Unicode: