နီမင်းထွန်း
နိရဥ္စရာ ၊ဒီဇင်ဘာ ၁၆ / ၂၀၁၉
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် သေကန်ကျေးရွာဘုန်းကြီးကျောင်းသို့ ရုတ်တရက် ခိုလှုံသူများလာဖြင့် နေ့စဉ် ကျွေးမွေးရေးနှင့် ကျန်းမာရေးတို့မှာ အခက်အခဲဖြစ်နေကြောင်း သတင်းရရှိသည်။
သေကန်ကျေးရွာမှ ပညာဗိမာန်ကျောင်းထိုင်ဆရာတော် ဦးပညာဗလက “စစ်ဘေးရှောင်တွေက အရင်တုန်းကတော့ ၁၀၀ ကျော်ဘဲရှိတယ်။ ဒီတစ်ရက် နှစ်ရက်မှာ ၅၀၀ ကျော်ထိတိုးလို့ရောက်တယ်။ လောလောဆယ်မှာတော့ NGO က အလှူပေးတာတော့မရှိသေးဘူး။ စားနပ်ရိက္ခာက အများကြီးလိုတယ်။ စောင်တွေ ၊ပုဆိုးတွေ၊ခြင်ထောင်တွေ အပူတပြင်းလိုအပ်နေပါတယ်။ နောက်ပြီး အိမ်သာတွေလည်းလိုပါတယ်” ဟု နိရဥ္စရာသတင်းဌာနကို မိန့်သည်။
၄င်းစစ်ဘေးရှောင်များသည် စိတ္တရကျေးရွာ ၊သလူချောင်းကျေးရွာ၊ လက်ခုပ်ကျေးရွာ ၊ကုလားမတောင်ကျေးရွာ နှင့်တခြားစစ်ပွဲဖြစ်ပွားသည့် ဒေသများမှ စစ်ဘေးလာရှောင်ခြင်းဖြစ်ပြီး လက်ရှိစစ်ဘေးရှောင်ဦးရေမှာ ၆၅၀ ကျော်ရှိကြောင်း သိရသည်။
စစ်ဘေးလာရှောင်သည့် စိတ္တရကျေးရွာမှ ဒေါ် မရွှေရီက “ ရွာနားမှာ တိုက်ပွဲတွေလည်း နေ့တိုင်းဖြစ်တယ်။ လေယာဉ်နဲ့ ဗုံးကြဲတယ်။ ကျိန်းတောင်က လက်နက်ကြီးနဲ့ပစ်တယ်။ အဲတာကို ကြောက်ပြီး မနေရဲလို့ ပြေးလာခဲ့တာပါ”ဟု ပြောသည်။
ထွက်ပြေးလာသူများထဲတွင် ကိုယ်ဝန်ဆောင်မိခင်များ၊ သက်ကြီး ရွယ်အိုများ၊ ကျောင်းသူ /ကျောင်းသားများ နှင့် တောင်သူလယ်သမားများလည်းပါဝင်ပြီး လယ်သမားများမှာ စပါးမရိတ်သိမ်းခဲ့ရသည့်အပြင် ကျွဲ ၊နွားများကိုလည်း ထားခဲ့ရကြောင်း သိရသည်။
ထွက်ပြေးတိမ်းရှောင်လာသည့် န၀မတန်းကျောင်းသူ မငြိမ်းငြိမ်းအေးက “ သမီးတို့မှာ အခုဆိုရင် ကျောင်းလည်းမတက်ရဘူး စာလည်းမဖတ်ရဘူး။ ပြေးနေရတယ်။ ပညာရေးတွေ အများကြီးဆုံးရှုံးနစ်နာတယ်။”ဟု ပြောသည်။
ရခိုင်ပြည်နယ်တွင် ရက္ခိုင်တပ်တော်(AA)နှင့် မြန်မာတပ်မတော်တို့ တိုက်ပွဲ တစ်နှစ်ကျော်ကာလအတွင်း စစ်ဘေးရှောင် ဦးရေမှာ ၁သိန်းကျော်အထိရှိနေပြီဖြစ်ကြောင်း ရခိုင်တိုင်းရင်းသား မျိုးနွယ်စုများအစည်းအရုံး (REC) က သတင်းထုတ်ပြန်ထားပြီး အများစု စစ်ရှောင်ဒုက္ခသည်များတွင် စား ၊ ဝတ်၊ နေရေးအပြင် ကျန်းမာရေးနှင့် ပညာရေးများ အခက်အခဲဖြစ်နေသည်ဟု ဆိုသည်။
--------------------------
Unicode:
နိရဉ်စရာ ၊ဒီဇငျဘာ ၁၆ / ၂၀၁၉