သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ဘူးသီးတောင်မြို့နယ်NLD ဥက္ကဋ္ဌ ဦးရဲသိန်းကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ ဒီဇင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 3.8k

စိုးဇံအောင်
နိရဥ္စရာ ၊ ဒီဇင်ဘာ ၁၆ / ၂ဝ၁၉

ရက္ခိုင့်တပ်တော်(AA) က ဖမ်းဆီးထိန်းသိမ်းထားသည့် ဘူးသီးတောင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဦးရဲသိန်းကို အမြန်ဆုံးပြန်လွှတ်ပေးရန် NLD ရခိုင်ပြည်နယ်အလုပ်အမှုဆောင်အဖွဲ့က တောင်းဆိုလိုက်သည်။

ယနေ့ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ထုတ်ပြန်ချက်တစ်စောင်ဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရခိုင်ပြည်နယ် အလုပ်အမှုဆောင်အဖွဲ့က တောင်းဆိုလိုက်ခြင်းဖြစ်သည်။

“သူက ထောက်ခံပွဲလေးလုပ်ဖို့ ကိုယ့်ပါတီဝင်တွေကို စည်းရုံးဖို့အတွက် နယ်ကို ဆင်းသွားတာ။ ဒါကတော့  တစ်နိုင်ငံလုံး လုပ်နေတာဖြစ်တယ်။ ဒါကြောင့်မို့လို့ ဒီအလုပ်ကိုလုပ်ဖို့ ဆင်းသွားတဲ့ ၊ စည်းရုံးဖို့ ဆင်းသွားတဲ့ ဦးရဲသိန်းကို အခုလို ဖမ်းဆီးထိ်န်းသိမ်းထားတဲ့ အပေါ်မှာတော့ ပြန်လည်လွှတ်ပေးပါဆိုပြီးတော့ ကျွန်တော်တို့က ကြေညာချက် ထုတ်ပြန် တာဖြစ်တယ်”ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရခိုင်ပြည်နယ် အလုပ်အမှုဆောင်အဖွဲ့ ဒုဥက္ကဋ္ဌ ဦးစိုးလေးက နိရဥ္စရာသို့ ပြောသည်။

ယင်းထုတ်ပြန်ချက်ထဲတွင် ရခိုင်ပြည်နယ်အရေးကို အကြောင်းပြု၍ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံနှင့် လူမျိုးအတွက် ရှေ့တန်းက မားမားမတ်မတ် ရပ်တည်ကာ အပြည်ပြည်ဆိုင်ရာ တရားရုံးတွင် ရင်ဆိုင်နေရကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်ထောက်ခံပွဲကို နိုင်ငံတစ်ဝှမ်းလုံးရှိ ရဟန်းရှင်လူ ပြည်သူများက ပြုလုပ်နေကြောင်း ပါရှိသည်။

အလားတူ ဦးရဲသိန်းသည်လည်း မြို့နယ်ဥက္ကဋ္ဌ တစ်ယောက်အနေဖြင့် ထောက်ခံပွဲ ကျင်းပနိုင်ရေးအတွက် နယ်သို့ ဆင်းပြီး အဖွဲ့ချုပ်အဖွဲ့ဝင်များအာဒး ဆက်သွယ်စည်းရုံးခြင်းကိစ္စမှာ ပါတီကိစ္စကို ရိုးရိုးသားသားဆောင်ရွက်ခြင်းသာ ဖြစ်သည့် အတွက် ဖမ်းဆီးထိန်းသိမ်းထားသည့် AA အဖွဲ့က အမြန်ဆုံးပြန်လွှတ်ပေးပါရန် အလေးအနက် တောင်းဆို အပ်ကြောင်း ဖော်ပြထားသည်။

“ကျွန်တော်တို့ ဦးရဲသိန်းကိုတော့ ပြန်လွှတ်ပေးစေချင်တာပေါ့။ဒါကြောင့်မို့လို့ အမြန်ဆုံးပြန်လွှတ်ပေးပါလို့ ကျွန်တော်တို့က တောင်းဆိုပါတယ်” ဟု ဦးစိုးလေးက ဆက်ပြောသည်။

ဘူးသီးတောင် NLD ဥက္ကဌ ဦးရဲသိန်းသည် ဒီဇင်ဘာလ ၁၁ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ထောက်ခံပွဲအတွက် စည်းရုံးရေးပြုလုပ်ရန် ပြင်ရှည်ကျေးရွာသို့ သွားရာတွင် ရက္ခိုင့်တပ်တော်(AA)၏ ဖမ်းဆီးထိ်န်းသိမ်းခြင်းကို ခံခဲ့ရသည့် အတွက် ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ပြုလုပ်မည့် ထောက်ခံပွဲမှာ ပျက်သွားကြောင်း သိရသည်။

ဦးရဲသိန်းကို လုံခြုံရေးအရ စစ်ဆေးမေးမြန်းစရာ ရှိနေသည့်အတွက် ထိန်းသိမ်းထားခြင်းဖြစ်ကြောင်း ရက္ခိုင့်တပ် တော်၏ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက နိဥ္စရာသို့ ပြောဆိုထားသည်။

နိုဝင်ဘာလ ၃ ရက်နေ့ကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် ပလက်ဝမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်းကို ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးထိန်းသိမ်းထားခဲ့ပြီး ယခုအချိန်ထိ ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးကြောင်း သိရှိရသည်။

----------------------------

Unicode


နိရဉ်စရာ ၊ ဒီဇငျဘာ ၁၆ / ၂ဝ၁၉










ဆက်စပ် သတင်းများ