စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

သောင်းဒရားကျေးရွာထဲ စစ်ကြောင်းဝင်လာ၍ ရွာသား ၁၄ဝဝ ကျော် ကြောက်လန့်ထွက်ပြေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ ဒီဇင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 3.5k

ဆောင်းဇာခြည်
နိရဥ္စရာ၊ ဒီဇင်ဘာ ၁၆/ ၂ဝ၁၉

အိမ်ခြေ ၂၆၇ ဆောင်ရှိသည့် ရသေ့တောင်မြို့နယ်၊ သောင်းဒရားကျေးရွာထဲသို့ တပ်မတော် စစ်ကြောင်း တစ်ခု ဝင်လာသဖြင့် ရွာသား ၁၄ဝဝ ကျော်မှာ ကြောက်လန့် ထွက်ပြေးပြီး တစ်ခြားကျေးရွားများ၌ ခိုလှုံနေကြရသည်ဟု သတင်းရရှိသည်။

စစ်တပ်ဝင်လာလျှင် ကျေးရွာသားများကို ဖမ်းဆီးခြင်း၊ ရိုက်ပုတ် စစ်ဆေးမေးမြန်းခြင်း၊ အလုပ်ခိုင်းစေခြင်း စသည့် လုပ်ရပ်များအပြင် သေနတ်ဖြင့် ပစ်ခတ်၍ သေဆုံးမှုများလည်း ရှိနေသဖြင့် စစ်တပ်ရွာထဲကို ဝင်လာလျှင် ကြောက်လန့်ပြီး ကျေးရွာသားများမှာ  ထွက်ပြေးခဲ့ကြရခြင်း ဖြစ်ကြောင်း ရသေ့တောင်မြို့နယ် ဇရပ်လှကျေးရွာသို့ ထွက်ပြေးခိုလှုံလာသည့် သောင်းဒရားရွာသူ  အမျိုးသမီးတစ်ဦးက နိရဥ္စရာသို့ ပြောသည်။ 

“အဝတ်အစားလည်းမပါဘူး။ ဆန်တွေလည်း မပါဘူး။ ဒီရွာက ရွာသားတွေဆီက အကူညီတောင်းပြီး စားနေရပါတယ်။ စစ်သားတွေက ရွာထဲကို ဝင်လာလို့ ထွက်ပြေးကြတာပါ ။ သူတို့ဝင်လာရင် လမ်းမှာ တွေ့ရင်တွေ့တဲ့သူကို ဖမ်းပါတယ်။ မေးတယ်။ စစ်တယ်။ အဲဒါကို ကျွန်မတို့ ကြောက်လို့ အခုလိုထွက်ပြေးတာပါ ” ဟု သူမက ဆိုသည်။

မြန်မာ့တပ်မတော် စစ်ကြောင်းတစ်ခုသည်   ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက် ၁၁ နာရီက ရေဘုတ်ကျေးရွာ၊ ကျောက်တန်းကျေးရွာ၊ အောင်သာစည်ကျေးရွာ တို့ဘက်မှ ပစ်ခတ်မှုများပြုလုပ်ကာ သောင်းဒရား ကျေးရွာဘက်သို့ ဝင်ရောက်လာသည့်အတွက် ထိခိုက်မည်ကို စိုးရိမ်သဖြင့်  ကျေးရွာသားများ  နီးစပ်ရာကျေးရွာများသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြောင်း ကျေးရွာလူကြီးတစ်ဦးမှ ပြောသည်။

သောင်းဒြားကျေးရွာတွင် အိမ်ခြေ ၂၆၇ ဆောင်နှင့် လူဦးရေ ၁၄ဝဝ ကျော်ရှိပြီး လက်ရှိ တွင် ရွာတွင် ကျန်နေခဲ့သူမှာ  အသက်အရွယ်ကြီးရင့်သူ ၁ဝ ဦး ခန့်သာကျန်ရှိတော့ကြောင်း၊ လက်ရှိ ရွာထဲတွင် အိမ်များ ဖောက်ထွင်းခံရမည်ကို ရွာသားများ စိုးရိမ်နေကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။

“ တစ်ရက်တည်းနဲ့ အကုန်ရွာလုံးကျွတ်ထွက်ပြေးတာပေါ့နော်။ သူတို့က ဟိုဘက်ရွာတွေက တစ်ရွာပြီးတစ်ရွာ သေနတ်တွေ ပစ်ပြီးဝင်လာတယ်။ အဲဒီတော့ ရွာကလူတွေက ကြောက်လန့်ပြီး အကုန်ထွက်ပြေးကြတော့တာပဲ။ တစ်ခြားကျေးရွာတွေက  ဆွေမျိုးအိမ်တွေမှာ ဖြစ်သလိုနေနေကြပါတယ်။ အဲဒီရက်ပိုင်းအတွင်းက ရွာအနားမှာလည်း တိုက်ပွဲဖြစ်ပွားတာ မရှိခဲ့ပါဘူး”ဟု သောင်းဒြားကျေးရွာအုပ်ချုပ်ရေးမှူးက နိရဥ္စရာသို့ ပြောသည်။

ထိုကဲ့သို့ ထွက်ပြေးလာကြရသဖြင့် ကျေးရွာသားများမှာ အဝတ်တစ်ထည်ကိုယ်တစ်ခုဖြင့် ထွက်ပြေးလာကြရ၍ အခက်အခဲများနှင့် ရင်ဆိုင်နေကြရသည်ဟု ပြောကြားသည်။

အဆိုပါ ကျေးရွာသားများ၏ အခက်အခဲနှင့် ပတ်သက်ပြီး ၎င်းမြို့နယ်၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေသို့ ဆက်သွယ်ရာ သူမက “ နိုင်ငံသားတွေကို တာဝန်ယူရမယ့် အပိုင်းကတော့ အစိုးရမှာ တာဝန်ဖြစ်တယ်။ တာဝန်ယူမှု၊ တာဝန်ခံမှု အစိုးရမှာ အဓိကရှိတယ်လို့ ထင်တယ်။ ကျွန်မတို့က တတ်နိုင်သလောက် လွှတ်တော်မှာ တင်ပြတာတွေ ရှိတယ်။ ပြည်သူရဲ့ ဆန္ဒတွေကို ကျွန်မတို့က လွှတ်တော်မှာပဲ တင်ပြပေးလို့ ရမယ်လေ။ အဲဒါကြောင့် ကျွန်မတို့က ဒါကို ဘယ်လိုဖြေရှင်းမလဲဆိုတော့ ငြိမ်းချမ်းရေးရအောင်တိုက်တွန်းဖို့ပဲ မြင်ပါတယ်။ ဒီရခိုင်ပြည်နယ်ရဲ့ အခြေအနေကို ကြည့်လို့ပြောမယ်ဆိုရင် အမြန်ဆုံးငြိမ်းချမ်းရေးရဖို့ပဲ လိုအပ်နေတယ်။ နိုင်ငံရေး စကားဝိုင်းမှာ တွေ့ဆုံ ဆွေးနွေးပွဲတွေ အများကြီး လုပ်သင့်တယ်ပေါ့နော်။ နိုင်ငံတစ်နိုင်ငံမှာ ဖွံ့ဖြိုးတိုးတက်ဖို့ ဆိုတာက အေးချမ်းဖို့လိုတယ်။ သက်ဆိုင်ရာတွေကို ကျွန်မတို့ဘက်က ဒီလိုပဲ တင်ပြထားတာတွေတော့ ရှိပါတယ်”ဟု ပြောသည်။

အဝေးရောက် ရခိုင်လူမျိုးများမှ  ငွေလှူဒါန်းခြင်းများရှိကြောင်း၊  လောလောဆယ်တွင် ၎င်းထောက်ပံ့ငွေများနှင့် ဖြေရှင်းနေရကြောင်း၊ မပြည့်စုံရင်လည်း နည်းနည်းပါးပါးတော့ ဖြည့်ဆည်းပေးနိုင်ကြောင်း၊ လက်ရှိမှာ ချမ်းအေးသည့် ရာသီလည်း ရောက်နေပြီဖြစ်သဖြင့် စောင်များ၊ အခင်းများ၊ ခြင်ထောင်များလိုအပ်မည် ဖြစ်ကြောင်း၊  စစ်ဘေးရှောင် များမှာ သူတို့ ထွက်ပြေးလာလျှင် တစ်နိုင်တစ်ပိုင်လေးပဲ ယူပြီး ထွက်ပြေးကြရကြောင်း၊  အများကြီး ပြည့်ပြည့်စုံစုံ ပါမလာတာတွေ တွေ့ရကြောင်း၊  အဓိက ယခုလို စစ်ဘေးရှောင် ဆက်များနေမည်ဆိုလျှင် နောင်တွင်  အခက်အခဲတွေ အများကြီး တွေ့လာနိုင်ကြောင်း သူမက ဆက်လက် ပြောကြားသည်။ 

လက်ရှိတွင် ထွက်ပြေးလာသည့် သောင်းဒရားကျေးရွာသားများမှာ နီးစပ်ရာကျေးရွာများဖြစ်သည့်  အလယ်ရွာ၊ ဇရပ်လှကျေးရွာ၊ ရွာသစ်ကေကျေးရွာနှင့် ရသေ့တောင်မြို့ပေါ်တွင် ရောက်ရှိနေကြောင်း စစ်ကြောင်းမှာ ယနေ့ထိ ရွာထဲတွင် စခန်းချနေသည်ဟု သိရကြောင်း ရွာသားများက ပြောသည်။

ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော်နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် စုစုပေါင်း စစ်ဘေးရှောင် ဦးရေ  ၉၈၇၄၃ ဦးရှိနေပြီဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများအစည်းအရုံး (REC) ရုံးမှ လွန်ခဲ့သော ရက်အနည်းငယ်က ထုတ်ပြန်ချက်အရ သိရသည်။

---------------------------

Unicode:


နိရဉ်စရာ၊ ဒီဇငျဘာ ၁၆/ ၂ဝ၁၉














ဆက်စပ် သတင်းများ