တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

ကျောက်တော် မီးဝကျေးရွာမှ ဖမ်းဆီးခံရသူ ၆ ဦးထဲမှ ၃ဦး ပြန်လွှတ်လာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ ဒီဇင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 5.2k

ချစ်အိလှိုင်
စစ်တွေ/ ဒီဇင်ဘာ ၁၆/၂ဝ၁၉

ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့နယ် မီးဝကျေးရွာမှ တပ်မတော်၏ ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရသူ အရပ်သား ၆ ဦးအထဲမှ ၃ ဦးမှာ ယခုလ ၁၅ ရက်နေ့က ပြန်လည် လွတ်မြောက်လာကြောင်းသိရသည်။

ပြန်လည်လွှတ်မြောက်လာသူ သုံးဦးမှာ ကျောက်တော်မြို့နယ် မီးဝကျေးရွာမှ  ဦးရွှေနု(၅၂)နှစ်၊ ဦးသန်းဦးလှိုင် (၄ဝ)နှစ်နှင့် မုန့်သန်းပြင် ကျေးရွာမှ ဦးညီညီအောင်(၃၃)နှစ် တို့ ဖြစ်ကြသည်။

“ကျွန်တော်တို့ ၆ ယောက်ကို ရွာထဲက လဖက်ရည်ဆိုင်ကနေ ဖမ်းသွားတာပါ။ ဖမ်းပြီးတော့ သူတို့စစ်ကြောင်း သွားတဲ့နေရာတွေကိုလိုက်ရပါတယ်။ အခုလွတ်လာတဲ့ ကျွန်တော်တို့ သုံးယောက်ကိုတော့ ကြိုးလည်းမတုတ်ပါဘူး။ ကျန်တဲ သုံးယောက်ကိုတော့ ကြိုးတုတ်ခေါ်သွားပါတယ်။ တပ်စခန်းချတဲ့နေရာရောက်တော့ တစ်ယောက် တစ်နေရာစီ ထားပြီး စစ်ဆေးရေးလုပ်ပါတယ်။ ဦးကျော်သန်းဆိုတဲ့လူက မြောက်ဦးက ကျော်စိုးဆိုတဲ့ တစ်ယောက်ကို သူ့ သမက်ဆိုပြီး ဖြေတဲ့တော့ မှားယွင်းတာတွေရှိတယ်လို့ပြောတယ်။ လွတ်တဲ့အထဲ သူပါမလာပါဘူး။ ကျွန်တော်ကိုတော့ သူတို့ ရိုက်နှက်တာတွေ မလုပ်ခဲ့ပါဘူး” ဟုပြန်လည်လွှတ်မြောက်လာသူ ဦးသန်းဦးလှိုင်က နိရဥ္စရာသတင်းဌာန သို့ပြောသည်။

နိုဝင်ဘာလ ၂၁ ရက်နေ့က တပ်မတော် စစ်ကြောင်း အမှတ် (၅၅)နှင့် (၁၁) တို့မှ ကျေးရွာအတွင်း ဝင်ရောက်ပြီး  လက်ဘက်ရည်ဆိုင်တွင် ထိုင်နေသည့် လူ ၆ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ဖမ်းဆီးခေါ်ဆောင်ခံရသူ များထဲမှ မလွတ်မြောက်ဘဲ ကျန်ရှိနေသူ သုံးဦးမှာ  ဦးကျော်သန်း(၅ဝ)နှစ် (မီးဝကျေးရွာ)၊ ဦးကျော်စိုး (၂၉)နှစ်(မြောက်ဦး) နှင့် ကိုမျိုးဦး(၂ဝ)နှစ် (မြောက်ဦးမြို့နယ်၊ မှိုဟင်းတောကျေးရွာ) တို့ ဖြစ်သည်။

မီးဝကျေးရွာမှ အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးမောင်ကျော်ညွှန့်က “ ဖမ်းသွားတဲ့ရက်ကတည်းက မိသားစုတွေ စိုးရိမ် နေကြတာပါ။ ကျွန်တော်တို့ရွာက သုံးယောက်ပါသွားတာပါ။ အခု ကျွန်တော်တို့ရွာက နှစ်ယောက်နဲ့ တစ်ခြားရွာက တစ်ယောက်ဘဲ ပြန်လွတ်လာသေးတယ်။ ကျန်နေတာက ဦးကျော်သန်းဆိုတဲ့လူက လွတ်တဲ့အထဲ  ပါမလာသေးဘူး ” ဟု နိရဥ္စရာ သို့ ပြောသည်။

အဆိုပါ ဖမ်းဆီးခံရသူများနှင့် ပက်သက်၍ ရခိုင့်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးအဖွဲ့မှ ဒီဇင်ဘာလ (၁ဝ)ရက်နေ့က မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်သ့ို တိုင်ကြားထားကြောင်းသိရသည်။

--------------------------------

Unicode:











ဆက်စပ် သတင်းများ