တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာတာဝန်ခံတစ်ဦးတို့အသတ်ခံရမှုကို မှန်မှန်ကန်ကန် စုံစမ်းဖော်ထုတ်အရေးယူမပေးပါက နုတ်ထွက်ကြရန် မင်းပြားမြို့နယ်ရပ်ကျေးအုပ်ချုပ်ရေးမှူးများဆုံးဖြတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ ဒီဇင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 2.5k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ ဒီဇင်ဘာ ၁၇/၂ဝ၁၉

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ဖုန်သာဝအုပ်စု စိတ္တရကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျောက်မှော်ကျေးရွာ တာဝန်ခံတို့ အသတ်ခံရမှုကို မှန်မှန်ကန်ကန် စုံစမ်းဖော်ထုတ်အရေးယူမပေးပါက မင်းပြားမြို့နယ်အတွင်းရှိ ကျေးရာ အုပ်ချုပ်ရေးမှူးများအားလုံး နုတ်ထွက်ကြရန်ဆုံးဖြတ်ထားကြသည်ဟု အမည်မဖော်လိုသူ ကျေးရွာ အုပ်ချုပ်ရေးမှူး တစ်ဦးက နိရဥ္စရာသတင်းဌာနသို့ ပြောကြားသည်။

ယမန်နေ့က မင်းပြားမြို့ တစ်နေရာတွင် ပြုလုပ်ခဲ့သည့် ကျေးရွာအုပ်ချုပ်ရေးမှူး ၆၃ ဦး တက်ရောက်ခဲ့သည့် အစည်းအဝေးက ထိုသို့ ဆုံးဖြတ်ခဲ့ကြသည်ဟု ဆိုသည်။

“ ဒီလ ၁၁ ရက်နေ့ ညဉ့်အချိန်က စိတ္တရကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ အမျိုးသမီး တစ်ဦးအသတ်ခံရတယ်။ နောက် ကျောက်မှော်ကျေးရွာတာဝန်ခံ အသတ်ခံရတယ်။ ဒီလို အသတ်ခံရတဲ့ နောက်ပိုင်းမှာ ကျေးရွာအုပ်ချုပ်ရေးမှူးတွေရဲ့  လုံခြုံရေးဟာ စိုးရိမ်စရာကောင်းလာတယ်။ ဒီအတွက် မနေ့က ကျေးရွာအုပ်ချုပ်ရေးမှူး ၇ဝ ရှိတဲ့ အထဲက ၆၃ ဦး တက်ရောက်ပြီး အစည်းအဝေးလုပ်ကြပါတယ်။ ဒီအမှုတွေကို မှန်မှန်ကန်ကန် စုံစမ်းဖော်ထုတ်ပြီး အရေးယူပေးဖို့ ကျွန်တော်တို့ တောင်းဆိုထားတယ်။ ဒါတွေကို အရေးမယူပေးရင် ကျွန်တော်တို့ အကုန်လုံးနုတ်ထွက်ကြဖို့ ဆုံးဖြတ်ထားပါတယ်” ဟု ၎င်းကျေးရွာအုပ်ချုပ်ရေးမှူးက ပြောကြားသည်။

စိတ္တရကျေးရွာအုပ်ချုပ်ရေးမှူး ဦးဥာဏ်သိန်း၊ ကျောက်မှော်ကျေးရွာတာဝန်ခံ ဦးကျော်အေးမောင်(ခ) မောင်မဲချေနှင့် စိတ္တရကျေးရွာမှ ဒေါ်ဖြူဖြူဝင်းတို့သည် တပ်မတော်စစ်ကြောင်း တစ်ခု၏ လက်ချက်ဖြင့် သေဆုံးခဲ့ကြရသည်ဟု မိသားစုများက ပြောကြားထားသည်။

“ ကျွန်တော်တို့က မြို့နယ် အုပ်ချုပ်ရေးမှူးတစ်ဆင့် နိုင်ငံတော်သမ္မတအထိ စာရေး တောင်းဆိုဖို့ စီစဉ်နေပါတယ်။ အခုလို သတ်ဖြတ်ခံရတာကို ဖော်ထုတ်အရေးယူပေးဖို့၊ မှန်မှန်ကန်ကန် စိစစ်ပေးဖို့ တောင်းဆိုမှာ ဖြစ်ပါတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးကတော့ နုတ်ထွက်တဲ့ အထိ မဖြစ်စေချင်ဘူး။ အချိန်ယူ စဉ်းစားကြပါလို့ ပြောဆိုထားပါတယ်” ဟု ၎င်းက ပြောဆိုသည်။

မင်းပြားမြို့ ပြည်တော်လှ ရပ်ကွက်အုပ်ချုပ်ရေးမှူးက “ ကျွန်တော်တို့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ လုပ်ဆောင်ချက်ဟာ ဥပဒေနဲ့ မညီရင် ဥပဒေကြောင်းအရဘဲ အရေးယူဆောင်ရွက်သင့်ပါတယ်။ အဲသလို တပ်မတော်က ဖုန်သာဝအုပ်စု အုပ်ချုပ်ရေးမှူးတို့ကို ပစ်သတ်တာမျိုးကတော့ လုံးဝ မဖြစ်သင့်ဘူးပေါ့။ အခုက ကျွန်တော်တို့ရဲ့ အသက်အိုးအိမ်လုံးဝ မလုံခြုံဘူး။ ဒါတွေကို တာဝန်ယူပေးဖို့နော်။ နိုင်ငံတော်သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး၊ ပြည်ထဲရေး ဝန်ကြီးဌာနထိ စာရေးသားတောင်းဆိုဖို့ ဆုံးဖြတ်ထားပါတယ်။ အခု ဒါတွေကို ပို့ပေးဖို့ စီစဉ်နေပါတယ်” ဟု ပြောကြားသည်။

လောလောဆယ်တွင် ကျေးရွာများတွင် အုပ်ချုပ်ရေးမှူးများ နုတ်ထွက်သွားပါက ကျေးရွာများ၏ အခြေအနေမှာ ကမောက်ကမ ဖြစ်သွားနိုင်သဖြင့် မထွက်သေးဘဲ သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူများ၏ တုံ့ပြန်ဆောင်ရွက်ချက်ကို စောင့်ကြည့်အုံးမည် ဖြစ်ကြောင်း၊ အကယ်၍ တစ်စုံတစ်ရာ တာဝန်ခံမှု၊ တာဝန်ယူမှု မရှိပါက အစည်းအဝေး၏ ဆုံးဖြတ်ချက်အတိုင်း နုတ်ထွက် သွားကြမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

------------------------------

Unicode:



နိရဉ်စရာ၊ ဒီဇငျဘာ ၁၇/၂ဝ၁၉








ဆက်စပ် သတင်းများ